Top News

လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ဝယ်ယူပြီး သက်သာသော စျေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရန်အတွက် အရှေ့ပိုင်း ကျင်းလုံထုတ်လုပ်မှု ကုမ္ပဏီနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့အကြား MoA လက်မှတ်ရေးထိုး
24htopnews | October 24, 2024 4:13 AM CST

လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ဝယ်ယူပြီး သက်သာသော စျေးနှုန်းဖြင့် တာချီလိတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရန်အတွက် အရှေ့ပိုင်းကျင်းလုံ ထုတ်လုပ်မှုကုမ္ပဏီနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့အကြား သဘောတူညီမှုစာချုပ် (MoA) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မေ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အရှေ့ပိုင်းကျင်းလုံ ထုတ်လုပ်မှုကုမ္ပဏီ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

“ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်စွက်ပေးတာပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲမှု စျေးနှုန်းသက်သာစွာ ရရှိနိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စပြီးတော့ ၆ ရက်နေ့ကနေ စတင်ဆောင်ရွက်နေပါပြီ။ တာချီလိတ်မြို့နယ် အတွင်းမှာ လက်ရှိ လာအိုကနေယူတယ်။ ၃၀ မဂ္ဂါဝပ်ယူတယ်။ Sub Station တည်ဆောက်မယ်။ တာချီလိတ်မှာ သုံးဘတ်ပြား ၉၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီငါးလပိုင်းမှာ စတင်နေပါပြီ။ ဆောင်ရွက်မယ့် နေရာတွေ လုပ်ထားပါတယ်။ ခု သုံးဘတ်ပြား ၉၀ ဆိုတော့ လက်ရှိ တာချီလိတ်မှာ ရောင်းချနေတဲ့ နှုန်းထက်ကို တစ်ဘတ်ကျော်ကျော်လောက်တော့ လျော့မယ်။ သက်သာမယ်ဗျ။ လက်ရှိမှာ မဂ္ဂါဝပ် လိုအပ်ချက် နည်းနေသေးတယ်။ COVID ကာလမှာ သုံးစွဲမှုနည်းနေတယ်။ တာချီလိတ်မှာ ဓာတ်အားလုံလောက်မှု မရှိဘူးလို့ ခန့်မှန်းရပါတယ်။ လိုအပ်ချက်တွေ အများကြီး ဖြစ်ပေါ်လာလိမ့်မယ်။ ကျွန်တော်တို့ ကုမ္ပဏီက ပထမဆုံး လုပ်ခွင့်ရတဲ့ကုမ္ပဏီ ဖြစ်ပါတယ်” ဟု အရှေ့ပိုင်းကျင်းလုံ ထုတ်လုပ်မှုကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မြင့်ဟန်က ပြောကြားသည်။

အရှေ့ပိုင်းကျင်းလုံ ထုတ်လုပ်မှုကုမ္ပဏီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ အလှူငွေကျပ်သိန်း ၃၀ ကို ထည့်ဝင်လှူ ဒါန်းခဲ့ပြီး အစိုးရအဖွဲ့က ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်တွင် မြို့ပေါင်းခြောက်မြို့၊ ကျေးရွာပေါင်း ၅၆၆ ရွာ ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ဒေသအသီးသီးတွင် တာချီလိတ်မြို့ကို ထိုင်းနိုင်ငံမှ ဓာတ်အားဝယ်ယူပြီး လည်းကောင်း၊ ကျန်မြို့ငါးမြို့တွင် နိုင်ငံတော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒီဇယ်ဓာတ်အားပေး စက်များဖြင့် အချိန်ပိုင်း ထုတ်လုပ်ဖြန့်ဖြူးပေးပြီး တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ် အသေးစားများဖြင့် လည်းကောင်း ဓာတ်အားရယူ သုံးစွဲနေကြောင်း သိရသည်။

ကျေးရွာပေါင်း ၅၆၆ ရွာရှိသည့်အနက် ၂၆၃ ရွာ ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၄၇ ရာခိုင်နှုန်းသာ ဒီဇယ်စက်၊ ရေအားအသေးစား၊ ဆိုလာမီး စသည်ဖြင့် အခြားနည်းလမ်း အမျိုးမျိုးဖြင့် ဓာတ်အားရယူ သုံးစွဲလျက်ရှိကြောင်း သိရသည်။

တာချီလိတ် တစ်ခရိုင်လုံး အနေဖြင့် အိမ်ထောင်စုပေါင်း ၆၁၀၃၄ စုရှိပြီး ၂၁၆၉၇ အိမ်ထောင်စုသာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းကို နိုင်ငံတော်ဓာတ်အားစနစ် မကြာခင်ကာလတွင် ရောက်ရှိမည် ဖြစ်သော်လည်း ကနဦး အနေဖြင့် မိုင်းပျဉ်းမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်တို့သာလျှင် ဦးစွာရရှိနိုင်မည်ဖြစ်ပြီး တာချီလိတ်မြို့နယ်သို့ ရောက်ရှိရန်အတွက် ကျိုင်းတုံမြို့မှတစ်ဆင့် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမိုင် ၁၀၀ ခန့်နှင့် ပင်မဓာတ်အားခွဲရုံကြီးများကို စီမံကိန်း များ ရေးဆွဲပြီး ဆောင်ရွက်ရမည်ဖြစ်သည်။ 

၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်နိုင်ရန် လျာထားပြီး ဖြစ်သော်လည်း နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေ ရရှိသည့် အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။


READ NEXT
Cancel OK