ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် နေ့လည် ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါလေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီးနောက်ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်ရှိကတော့လေဖိအားနည်းရပ်ဝန်းဖြစ်သွားပြီ။ သူက ခန့်မှန်းတာက မုန်တိုင်းငယ်အဖြစ် လာမယ့်တစ်ရက်နှစ်ရက်အတွင်း ရောက်နိုင်တယ်။ ဖြစ်လာပြီးရင် လက်ရှိအနေအထားတွေအရ ဆိုင်ကလုန်းမုန်တိုင်းအထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မေ ၁၇၊ ၁၈ လောက်မှာရောက်နိုင်တယ်။ ဒီလိုကာလတွေမှာ ရွေ့တဲ့လမ်းကြောင်းကတော့ အရင်ဆုံး အနောက်- အနောက်မြောက်။ ပြီး ရင်သူက နည်းနည်းလေး အပေါ်တက်လာခဲ့ရင် မြောက်-အရှေ့မြောက်ကို ပြန်ကွေ့လေ့ရှိတယ်။ မေလမှာ တိုက်ခတ်တဲ့လေစီးကြောင်းတွေရဲ့ ပုံသဏ္ဍန်အရ ဒီလိုပဲရွေ့တတ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
ထို့ပြင် အနောက်-အနောက်မြောက် ရွေ့ပြီးနောက် အပေါ်သို့တက်လာကာ လတ္တီကျူ့ ၁၅ ဒီဂရီသို့ ရောက်ရှိပါက မုန်တိုင်းလမ်းကြောင်း ပြန်ကွေ့တတ်သည့် အခြေအနေများရှိခဲ့ကြောင်း၊ ၁၅ ဒီဂရီ ကျော်ပါက လေစီးကြောင်းအနေအထားအရ မြောက် - အရှေ့မြောက်သို့ ပြန်ကွေ့ကြောင်း ဦးလှထွန်းက ပြောကြားသည်။
“လောလောဆယ် အနောက်- အနောက်မြောက်ဘက်ရွေ့နေရင်တော့ အိန္ဒိယဘက်အခြမ်း၊ အိန္ဒိယကမ်းရိုးတန်းက ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်အလယ်ပိုင်းမှာပါတယ်။ အနောက်-အနောက် မြောက်ဘက်ရွေ့ရင် အနောက်အလယ်ပိုင်းကို ရောက်သွားမယ်။ ပြန်ကွေ့ရင် မြောက် အရှေ့မြောက်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလည်ပိုင်းမှာ မြန်မာ့ကမ်းရိုးတန်းရှိတယ်။ ပြန်ကွေ့ခဲ့ရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ့ကမ်းရိုးတန်းကို ပြန်ဦးတည်နိုင်တယ်” ဟု ဦးလှထွန်းကပြောကြားသည်။
မုန်တိုင်းငယ်ဖြစ်ပေါ်မှာ မုန်တိုင်းလမ်းကြောင်းကို ခန့်မှန်းပါက လက်ရှိအနေအထားထက် ပိုမိုတိကျနိုင်ကြောင်း ဦးလှထွန်း ကပြောကြားသည်။
၁၈၉၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၀၀ ကျော်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် မြန်မာနိုင်ငံသို့ ဦးတည်ခဲ့သော မုန်တိုင်း ၂၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ရှိပြီး မုတ်သုံလေရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုတ်သုံမုန် တိုင်းငယ်များဖြစ်ပေါ် တတ်ကြောင်း၊ မိုးကြို ရာသီနှင့် မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်စေနိုင်ကြောင်း သိရသည်။
မုန်တိုင်းများ၏ အရေးပါသော အဖျက်စွမ်းအားသုံးမျိုးသည် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနှင့် မုန်တိုင်း ဒီရေတက်ခြင်းတို့ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ပါက မုန်တိုင်း၏ အင်အားနှင့်အရွယ်အစားပေါ်တွင် မူတည်ပြီး အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၁၂၀ မှ ၁၃၀ အထိရှိနိုင်ကြောင်း၊ အားကောင်းသော မုန်တိုင်းဖြစ်ပါက လေတိုက်နှုန်း ပိုမိုပြင်းထန်မည်၊ မိုးကြီးမည်၊ မုန်တိုင်းဒီရေတက်ရောက်မှု ပိုမြင့်မည်ဖြစ်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသည် မုန်တိုင်းဘေးအန္တရာယ်ရှိသော ဒေသများဖြစ်ပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် မုန်တိုင်းများ ဖြတ်ကျော်ရွေ့လျားမှုကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ကြုံတွေ့နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
