Top News

ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ၆၇ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း  ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံမှ စုစုပေါင်း ၂၀၂ ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့
24htopnews | October 24, 2024 4:13 AM CST

ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၇ ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ထိုင်းနိုင်ငံမှ စုစုပေါင်း ၂၀၂ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အမှန်တစ်ကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၇ ဦး အား မြန်မာအမျိုးသားလေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေ ၁၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

CPVOD-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံး၊  ဘန်ကောက်မြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသား ၁၃၅ ဦးအား ပထမအသုတ်အဖြစ် မေ ၆ ရက်တွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ ဒုတိယအသုတ်အဖြစ် ပြန်လည်ရောက်ရှိလာသူများအပါအဝင် စုစုပေါင်း ၂၀၂ ဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များတွင် စင်ကာပူနိုင်ငံမှ ပြန်လာမည့် ခရီးသည်ဦးရေ ၁၀၀၀ ကျော်ရှိပြီး မေ ၇ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသည် ၁၄၄ ဦး ပြန်လည်လိုက်ပါလာမည်ဖြစ်ပြီး ဒုတိယအကြိမ် ခရီးစဉ်တွင်လည်း ခရီးသည် ၁၄၄ ဦး လိုက်ပါလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် Relief Flight အဖြစ် ရန်ကုန်မှ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့များသို့  ပျံသန်းမည့် စရိတ်အား အစိုးရမှကျခံပေးမည်ဖြစ်ပြီး ခရီးသည်များမှ ရန်ကုန်မြို့သို့ ပျံသန်းစရိတ်ကို သာကျခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ COVID-19 ရောဂါဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်ရန် ပြည်ပနိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအကြား ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာ ခရီးသည်တင်လေယာဉ် Commercial Flight များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်မှု ယာယီရပ်ဆိုင်းမှုကို မေ ၁၅ ရက်အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်း သို့ခရီးသည်တင်လေယာဉ်များ ရပ်ဆိုင်းမှုကြောင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေပြီး ဆက်လက်နေထိုင်ရန် အမှန်တကယ် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသို့ ပြန်လိုကြသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် Relief Flight အဖြစ် ခေါ်ဆောင်နိုင်ရန် ယင်းနိုင်ငံများရှိ သံရုံးများနှင့် မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံပိုင်လေကြောင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပျံသန်းမည့် Relief Flight များအနက်  ပထမဆုံး စတင်ပျံသန်းခဲ့သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံသို့ဖြစ်ပြီး ခန့်မှန်းခရီးသည်ဦးရေ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

                   ရွှန်းလဲ့ဝင်း


READ NEXT
Cancel OK