ကာမလိမ်လည် ရယူခြင်းခံရခြင်းအတွက် အမှုရင်ဆိုင်ပြီးပြန်လာစဉ် ဂန့်ဂေါ- ကလေး ကားလမ်းမပေါ်၌ မူးယစ်ဆေးဝါးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခြင်းခံခဲ့ရသည့် ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးသည် အဆိုပါအမှုမှ အာမခံရရှိခဲ့ပြီးဖြစ်သော်လည်း သူမ၏အစိုးရအလုပ်မှ တာဝန်ရပ်စဲထားခြင်းကို ခံထားရခြင်းကြောင့် တရားရင်ဆိုင်မှုများ ပြုလုပ်ရာတွင် ငွေကြေးအပါအဝင် အထွေထွေအခက်အခဲများအား ကြုံတွေ့နေရကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ အဆိုပါကျန်းမာရေးဝန်ထမ်း အမျိုးသမီးဖြစ်သူ ဒေါ်သန်းသန်းမြင့်က ဖွင့်ချပြောကြား ခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ဒေါ်သန်းသန်းမြင့်သည် ၎င်း၏ ကာမကို လိမ်လည်ရယူခဲ့သူ နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဝရိန်မိုးအား စွဲဆိုထားသည့်အမှုအတွက် ရုံးချိန်းသို့သွားရောက်ခဲ့ပြီး အပြန်တွင် ဂန့်ဂေါ-ကလေး ကားလမ်းမပေါ်၌ ဆိုင်ကယ်ပေါ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့သည်ဟုဆိုကာ ထောက်ချောက်ဆင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အဆိုပါအမှုမှ အောက်တိုဘာ ၂ ရက်တွင် အာမခံရရှိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၀ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ဒေါ်သန်းသန်းမြင့်က အဆိုပါမူးယစ်ဆေးဝါးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သူမသည် ကာမလိမ်လည်ရယူခဲ့သူ ဦးဝရိန်မိုးအား စွဲဆိုထားသည့်အမှု၏ ရုံးချိန်းမှအပြန် ဂန့်ဂေါ-ကလေး ကားလမ်းမပေါ်သို့အရောက်တွင် ရဲဝတ်စုံဝတ်ဆင်ထားသည့် ရဲများအပါအဝင် အရပ်သား နှစ်ဦး ပါဝင်သည့်အဖွဲ့က သူမ၏ ဆိုင်ကယ်နှင့် လွယ်အိတ်အား မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခဲ့ကြောင်း၊ ယင်းသို့ရှာဖွေရာတွင် လွယ်အိတ်အား ဆိုင်ကယ်နှင့် အတန်ငယ်ကွာဝေးသည့် နေရာသို့ယူဆောင်ကာ ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ကိုမူ ရဲသုံးယောက်ဖြင့်ထားရှိခဲ့ခြင်းဖြစ်ကာ လွယ်အိတ်ကို ရှာဖွေမှုများအပြီးတွင်မှ ဆိုင်ကယ်အတွင်း ၈၈ စာတန်းပါ မူးယစ်ဆေးဝါးများကို တွေ့ရှိသည်ဟုဆိုပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ချပြောကြားသည်။
“ကျွန်မက အရင်က မူးယစ်ဆေးဝါးဆိုတာကိုလည်း လုံးဝမမြင်ဖူးဘူး။ အဲဒီနေ့က ရုံးချိန်းကပြန်လာတော့ ကျွန်မကို မူးယစ်ဆေးဝါးသတင်းရလို့ဆိုပြီး ရဲတွေရယ်၊ အရပ်ဝတ်နဲ့နှစ်ယောက်ရယ် ပါတယ်။ စစ်ကြတာ။ အိတ်ကို ဆိုင်ကယ်နဲ့ခပ်လှမ်းလှမ်းကို ယူပြီးစစ်တယ်။ အိတ်ကို စစ်ပြီးပြန်လာတော့မှ ဆိုင်ကယ်ကိုစစ်ပြီး ဆိုင်ကယ်ကနေ မူးယစ်ဆေးအထုပ်ကို တွေ့တယ်လို့ပြောတာ။ အိတ်ကို စစ်နေတုန်းက ဆိုင်ကယ်နားမှာ ရဲသုံးယောက်ရှိတယ်။ ရှာတွေ့တယ်ဆိုတော့ ကျွန်မက မူးယစ်ဆေးဆို မမြင်ဖူးဘူး။ ကျွန်မဆီက တွေ့တာဆိုတော့ ဘယ်လိုမျိုးလဲ ဒါထောင်ချောက် ဆင်ခံရတာ။ ကျွန်မကို ပြဆိုပြီး အတင်းပြခိုင်းတော့မှ သူတို့ကပြတော့ တစ်ဖက်မှာ ၈၈ စာတန်းရယ် တစ်ဖက်မှာက 1 လားမသိဘူး။ ပန်းရောင်ဆေးပြားလေးတွေ။ အဲဒီကျမှ ကျွန်မလည်း မူးယစ်ဆေးကို မြင်ဖူးခဲ့တာပါ” ဟု ဒေါ်သန်းသန်းမြင့်က ဆိုသည်။
ယင်းသို့ မူးယစ်ဆေးဝါးဖြင့် ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရသည့်အမှုမှ အောက်တိုဘာ ၂ ရက်တွင် အာမခံရရှိခဲ့သော်လည်း အစိုးရအလုပ်တာဝန်မှ ရပ်ဆိုင်းခံထားရခြင်းကြောင့် လစာရရှိခြင်းမရှိဘဲ ဦးဝရိန်မိုးအား စွဲဆိုထားသည့် ကာမလိမ်လည်ရယူမှုအပါအဝင် ရင်ဆိုင်နေရသည့် တရားရုံးချိန်းများအား သွားရောက်ရန် စရိတ်ကိုပင် ရှာဖွေရန်ခက်ခဲနေရပြီး နေထိုင်စားသောက်ရန်အတွက်ပင် အခက်အခဲများစွာကို ကြုံတွေ့နေရကြောင်း ဒေါ်သန်းသန်းမြင့်က ၎င်း၏ အခက်အခဲများနှင့်ပတ်သက်ပြီး ဆက်လက်ရှင်းလင်း ဖွင့်ချပြောကြားသည်။
၎င်းက “ကျွန်မက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကင်းတယ်။ အမှုကလည်း အာမခံရတယ်။ ဒါပေမဲ့ ကျွန်မ ဆရာဝန်ကြီးဆီကို အာမခံရပြီးသွားတော့ သူက ဆရာမ၊ ဆရာမ ဒီကို လာစရာမလိုတော့ဘူး။ အလုပ်က နားထားတယ်ပေါ့ ပြောတယ်။ အဲဒီတော့ ကျွန်မက လုပ်သက်က ၂၂ နှစ်ရှိပြီ။ အခု အလုပ်နားခံထားရတော့ အများကြီးနစ်နာတယ်။ ကျွန်မမှာ ကာမလည်း လိမ်လည်ရယူတာခံရတယ်။ အမှန်ဆို အဲဒီအမှုကလည်း ကျွန်မ အလိုမတူဘဲ ဖြစ်ခဲ့ရတာ။ မုဒိမ်းမှုပါ။ ကြာသွားတော့ ကာမလိမ်လည်ရယူမှု ဖြစ်သွားခဲ့ရတာ။ ဆေးမှုနဲ့လည်း ထောင်ချောက်ဆင်ခံရတယ်။ အလုပ်ကလည်းအနားခံရတယ်။ ကျွန်မမှာ ရုံးချိန်းတွေသွားဖို့တောင် ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဒီလစာလေးရမှာ ကျွန်မ ရုံးချိန်းတွေသွားပြီး အမှုရင်ဆိုင်နိုင်မှာ။ ကျွန်မမှာ ကျွန်မအမှားလည်းမလုပ်ရဘဲ ဒီလိုကြုံတွေ့နေရတယ်” ဟု ဆက်လက်ပြောကြားသည်။
ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ဒေါ်သန်းသန်းမြင့် ထောင်ချောက်ဆင်ဖမ်းဆီးခံ ရသည့် မူးယစ်ဆေးဝါးအမှုဖြစ်စဉ်အား ဇန်နဝါရီ ၂၅ ရက်တွင် စွဲချက်တင်သင့်၊ မသင့်ကို အမိန့်ချမှတ်မည်ဖြစ်ပြီး လက်ရှိအမှုအခြေအနေအရ ဒေါ်သန်းသန်းမြင့်သည် မူးယစ်ဆေးဝါး ကျော်စောသတင်းမရှိခြင်း၊ မူးယစ်ဆေး သုံးစွဲထားဖူးခြင်းမရှိခြင်း စသည့်အချက်များကြောင့် အဆိုပါအမှုအတွက် အလားအလာကောင်းများရရှိရန် မျှော်လင့်ထားကြောင်း ဒေါ်သန်းသန်းမြင့်၏ ရှေ့နေ ဒေါ်ဘန်နီဒင်းက ပြောကြားထားသည်။
“အမှုက ၂၅ ရက် စွဲချက်တင်သင့် မတင်သင့်၊ အမိန့်ချမယ်။ ဆရာမလေးက မူးယစ်ကျော်စောလည်း မရှိဘူး။ သုံးလည်း မသုံးဖူးဘူး။ ဆေးစစ်ချက်တွေမှာလည်း သုံးထားတာ မတွေ့ဘူး။ အဲဒီတော့ ဒီအမှုအတွက် အခြေအနေကောင်းတွေရှိ နေပါတယ်” ဟု ဒေါ်ဘန်နီဒင်းက ၎င်းအား ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ဒေါ်သန်းသန်းမြင့်သည် သူမ ကြုံတွေ့ခဲ့ရသည့် ကာမလိမ်လည် ရယူခြင်းခံခဲ့ရမှု၊ ယင်းနှင့်ဆက်စပ်ပြီး ထပ်မံ၍ ငွေကြေးများလိမ်လည်ခံရမှု၊ မူးယစ်ဆေးထောင်ချောက်ဆင် ဖမ်းဆီးခံရမှုများအပါအဝင် သူမရင်ဆိုင် ကြုံတွေ့နေရမှုများကို အမှန်တရားအတိုင်း ဖြစ်လာရန်အတွက် နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ စသည့် နေရာများသို့ တိုင်ကြားစာများ ပေးပို့တိုင်ကြားထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
