Top News

ခွဲထွက်ဒီကေဘီအေအဖွဲ့မှ အင်အား ၁၁ ဦး လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ပြီး ဥပဒေဘောင်တွင်းသို့ ဝင်ရောက်
24htopnews | October 24, 2024 6:12 AM CST

DKBA ခွဲထွက် စောကျော်သက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ စောဖိုးငယ်(ခ) စောတခီး ဦးဆောင်သော အင်အား ၁၁ ဦးတို့သည် ထာဝရ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် ဇန်နဝါရီ ၁၉ ရက်က လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ကာ ဥပဒေဘောင်တွင်းသို့ ဝင် ရောက်လာခဲ့ကြောင်း သိရသည်။

ဒီကေဘီအေခွဲထွက် စောကျော်သက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦးသည် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး သာမန်ပြည်သူများအဖြစ် အေးချမ်းစွာ နေထိုင်လိုခြင်း၊ ဥပဒေ နှင့်အညီ နေထိုင်လုပ်ကိုင်၍ ၎င်းတို့မိသားစု ဘဝ တိုးတက်အောင် ဆောင်ရွက်လိုခြင်းကြောင့် လက်နက်မျိုးစုံ ၁၃ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်မြေခံတပ်ရင်းသို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ကာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ဒီကေဘီအေခွဲထွက်အဖွဲ ့မှ စောဖိုးငယ် ဦးစီးသော အဖွဲ့က M 16တစ်လက်၊ ၎င်း ကျည် ၆၀ တောင့်၊ ကျည်အိမ်အတိုတစ်ခု၊ ပွိုင့် ၃၀ ကာဘိုင်သေနတ် ခြောက်လက်၊ ကာဘိုင်ကျည်အိမ် အတိုနှစ်ခု၊ အရှည်လေးခု။  AK 47 သုံးလက်၊ ၎င်း ကျည် ၂၀ တောင့်၊ ကျည်အိမ်သုံးခု။ ပွိုင့် .45  စက်သေနတ် ကလေးတစ်လက်၊ ၎င်း ကျည်အိမ်တစ်ခု။ ၁၂ ဗို့ ပြောင်းရှည် (ဇလုပ်) သေနတ်/ မောင်းတံမပါ တစ်လက်။ MA 12 (ပေါင်းစပ် ပြုလုပ် ထားသော ရိုင်ဖယ် သေနတ်တစ်လက်၊ ၎င်း ကျည်အိမ်တစ်ခု။ ပွိုင့်၃၀ ကာဘိုင်ကျည် ငါးတောင့် စသော လက်နက်ခဲယမ်းများအား သက်ဆိုင်ရာထံ အပ်နှံခဲ့ကြောင်း သိရသည်။

DKBA ခွဲထွက်အဖွဲ ့မှ အင်အား ၁၁ ဦး လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည့်  အခမ်းအနားကို ခလရ(၂၇၅) တပ်ရင်းခန်းမတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ခန့်က ပြုလုပ်ခဲ့ရာ သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်အောင်၊ ခလရ (၂၇၅)တပ်ရင်းမှူးဒုဗိုလ်မှူးကြီး နိုင်လင်းအောင် ၊ ဆုံစည်းမြိုင် အခြေပြု DKBA စစ်ဦးစီးချုပ် အဆင့်ရှိ ဦးစောမိုရှေးတို့တက်ရောက်ကြိုဆိုခဲ့ကြသည်။

မြဝတီခရိုင် သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူးက ငြိမ်းချမ်းရေးဝင်ရောက်လာသော တပ်ဖွဲ့ဝင်များအား လိုအပ်သည့် ရှပ်အကျႌ၊ ပုဆိုး၊ သွားပွတ်တံ၊ ရေခွက်၊ ဆပ်ပြာ နှင့် လိုအပ်သည်များ ကူညီထောက်ပံ့ပြီး တပ်ဖွဲ့ဝင်များနည်းတူ စောင့်ရှောက်ထားကြောင်း သိရသည်။

စောကျော်သက်၊ စောဆန်းအောင် ဦးဆောင်သော ဒီကေဘီအေခွဲထွက်အဖွဲ့ နှင့် တပ်မတော်၊  BGF တို့ ၂၀၁၆ ခုနှစ်က မဲသဝေါ ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျေးရွာ၃၀ ကျော်မှ ဒေသခံ ပြည်သူများ စစ်ဘေးရှောင်လာပြီး ယခုချိန် ထိမြိုင်ကြီးငူဒေသတွင် ခိုလုံနေရသူ ၅၀၀၀ ကျော် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် KNU၊ KNU/ KNLA (pc)၊  DKBA စသော ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ  ထာဝရငြိမ်းချမ်းရေးကို လိုလားတောင့်တစွာဖြင့် NCA လက်မှတ်ရေးထိုးခဲ့သော်လည်း အဆိုပါ စောကျော်သက်ဦးဆောင်သောအဖွဲ့မှာ DKBA မှ ခွဲထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                

 

 


READ NEXT
Cancel OK