Top News

ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက အေးသာယာမြို့ ရန်တိုင်းအောင် ဘုန်းတော်ကြီးသင် မူလတန်းလွန် ပညာရေးကျောင်းကို ကြီးကြပ်ကွပ်ကဲမည်ဟု သိရ
24htopnews | October 24, 2024 6:12 AM CST

တောင်ကြီးမြို့နယ် အေးသာယာမြို့ ရန်တိုင်းအောင် ဘ/က ကျောင်းကို ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ်ကွပ်ကဲ သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

အေးသာယာ ရန်တိုင်းအောင်ကျောင်းသည် ဂေဟာကြီးကြပ်မှုကော်မတီ အားနည်းနေသဖြင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ Case Manager များနှင့် ဆရာမ ငါးဦး၊ CPG မှ ငါးဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ နှစ်ဦး၊ ပေါင်း ၁၂ ဦးဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

“သုံးသပ်ချက်တော့ ပေးလို့မရသေးဘူး။ အဓိကတော့ ကလေးတွေအတွက် လုံခြုံစိတ်ချတဲ့ ဂေဟာဖြစ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ဌာန ကလေးတွေနဲ့ သက်ဆိုင်တယ်။ ကျန်တဲ့ အုပ်ချုပ်ရေး ယန္တရားကျတော့ ဘုန်းတော်ကြီးတွေ ဖြစ်နေတော့ သာသနာရေးနဲ့ဆိုင်တယ်။ ကလေးတွေကို ဦးတည်ချက် ထားတယ်။ CRC မှာလည်းပါတယ်။ The Best intrest of the Child ကလေးသူငယ် အကျိုးစီးပွား အကောင်းဆုံး ကြည့်တဲ့ဌာနပေါ့။ လိုအပ်ချက်တွေ ရှိနေမှာပဲ။ ခုဆိုရင် သင်ကြားရေးပိုင်းကို ဆရာ၊ ဆရာမတွေ ဝင်ပြီးတော့ ပံ့ပိုးကူညီ ဆောင်ရွက်ပေးတယ်။ စားရေးသောက်ရေးကအစ အရင်လို လက်လွတ်စပယ် လုပ်လို့မရတော့ဘူး။ သေချာကြပ် မတ်ကွပ်ကဲတော့ ချက်ပြုတ်ရေးကအစ ကျန်းမာရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကအစ တိုးတက်လာမှာ ဖြစ်ပါတယ်။ အခု ဆရာ၊ ဆရာမ ပေါင်း ကိုးဦးရှိတာကို ကျွန်တော်တို့ က လိုအပ်ချက်လေးတွေကို ကလေး တွေ စိတ်အနှောင့်အယှက် မဖြစ် အောင် အဟန့်အတားမဖြစ်အောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးတဲ့ဌာနပဲ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပြောကြားသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့ ရန်တိုင်းအောင် ဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သုံးသပ်ချက် မပေးလိုသေးကြောင်းနှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားသည်။

 ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ များသည် အေးသာယာ ရန်တိုင်းအောင်ကျောင်းသို့ သွားရောက်၍ အစိုးရတာဝန်ယူ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

“မှန်ကောင်းလည်း မှန်မယ်။ မမှန်တာတွေလည်း ရှိမယ်။ ဘာပဲ ပြောပြော အချိန်ယူရမယ်။ သုံးသပ် ချက်တော့ မပြောသေးဘူး။ ဘာသုံး သပ်ချက်မှ ပြောပိုင်ခွင့်မရှိသေးဘူး။ ပြောလို့လည်း မရဘူး။ အချိန်အတိုင်းအတာ တစ်ခုတော့ စောင့်ရမယ်။ ဆရာ့ မျှော်မှန်းချက်ကတော့ အဖွဲ့ အစည်းတွေ အားလုံးပူးပေါင်းဆောင် ရွက်ရင် ကောင်းတာဖြစ်သွားမယ်။ တစ်နေ့ ကောင်းတယ်လို့ မြင်သွားတယ်ဆိုရင် ဘ/ကကျောင်းတွေမှာ စောင့်ရှောက်ခံရတဲ့ ကလေးတွေ အတွက်ပါ။ တစ်နိုင်ငံလုံးအတွက် ပြောတာနော်။ အခွင့်အရေးတွေ အ များကြီးရသွားမယ်ထင်တယ်” ဟု ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောကြားသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့ ရန်တိုင်းအောင် ပရဟိတကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၅ ရက် တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အမှန်တရားအတိုင်း ဖြစ်စေရန် ကတိပေးခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် ထိုသို့ လူမှုဝန်ထမ်းဦးစီးမှုဖြင့် ကလေးများကို သင်ကြားစောင့်ရှောက်ရေး တာဝန်ယူဆောင်ရွက် သွားမည်ဟု ရလဒ်ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရန်တိုင်းအောင် ဘ/က ကျောင်းတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဖောက်ဖျက်ကျူး လွန်မှုများရှိနေကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် စိုင်းလုခေးအကောင့် မှ တင်လိုက်ပြီး နောက်ပိုင်းတွင် ရှမ်း ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုပါနေ့ ညနေပိုင်း ၃ နာရီအချိန် တွင် သွားရောက်စစ်ဆေးခဲ့ကြပြီး ဇန်နဝါရီ ၁၄ ရက် နောက်တစ်နေ့ တွင်လည်း မြို့နယ် ဘ/က ကြီးကြပ်ရေး အဖွဲ့များ၊ မြို့နယ်သံဃနာယက အဖွဲ့များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများ သွားရောက်စစ်ဆေးခြင်းအပြင် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဒုတိုင်းမှူးတို့ပါဝင်သော အဖွဲ့များလည်း သွားရောက်စစ်ဆေးကာ အဆိုပါနေ့ နံနက်ပိုင်း ၁၁ နာရီတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ရုံးခန်းတွင် နှစ်ဖက်တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စာရင်းများအရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စာရင်းများမှာ တောင်ကြီးမြို့နယ်တွင် ကိုးကျောင်းရှိပြီး ရှမ်း/တောင်ရှိ မြို့နယ်ပေါင်း ၁၂ ခုတွင် ဘ/က ကျောင်းပေါင်း ၂၈ ကျောင်းရှိကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် ပရဟိတ၊ ဘ/က ကျောင်းများမှာ ဟမ်းဆီး ပရဟိတကျောင်း၊ ဓမ္မဝိဒူကျောင်း၊ ဒေါ်ကြီး ဒေါ်ငယ် ပရဟိတကျောင်း၊ ငြိမ်းချမ်းကျောင်း၊ အမျိုးသမီး ပရ ဟိတကျောင်း၊ သူငယ်တော် ယေဇူးကျောင်း၊ ရန်တိုင်းအောင် ဘုန်းတော် ကြီးသင် ပညာရေးကျောင်း (အေးသာယာ)၊ Open Dow ကျောင်း၊ စိတ္တသုခကျောင်း (အောင်သပြေ) တို့သည် ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနတွင် စာရင်းသွင်းထားသော အသိအမှတ်ပြု ကျောင်းများဖြစ်ပြီး တောင်ကြီးမြို့ YGW အဝါ ရောင်မျိုးဆက် ဘုန်းတော်ကြီးသင်ကျောင်း၊ ရွှေတောင်တန်းကျောင်း (အေးသာယာ)၊ နှင့် နောင်တောင်း ပရဟိတကျောင်း (ဟိုပုံး) တို့ကဲ့သို့ စာရင်းမတင်သွင်းထားသော ကျောင်းများလည်း များစွာကျန်ရှိသေးကြောင်း ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

 


READ NEXT
Cancel OK