Top News

ပခုက္ကူဆိပ်ကမ်းတွင် မော်တော်နှစ်စင်းခန့်သာ ဆိုက်ကပ်နိုင်သည့်အတွက် ကုန်စည်စီးဆင်းမှုနှေးကွေးသွားပြီး ဆိပ်ကမ်းလုပ်သားများ ဝင်ငွေထက်ဝက်ခန့်ကျဆင်းကာ အခက်အခဲကြုံတွေ့နေ
24htopnews | October 24, 2024 9:12 AM CST

ပခုက္ကူဆိပ်ကမ်းတွင် ယခုကာလ၌ ရေနည်းပါးလာ၍ မော်တော်နှစ်စင်းခန့်သာ ဆိုက်ကပ်နိုင်သည့်အတွက် ကုန်စည်အတင်အချ အနည်းငယ်သာပြုလုပ်နိုင်ပြီး ဆိပ်ကမ်းလုပ်သားများမှာ ဝင်ငွေထက်ဝက်ခန့် ကျဆင်းပြီး အခက်အခဲများ ကြုံတွေ့နေကြောင်း လုပ်သားများထံမှ သိရသည်။

ယခင် ရေအနက်ကောင်းမွန်စဉ် ဆိပ်ကမ်း၌ မော်တော်ခြောက်စင်းခန့် တစ်ပြိုင်တည်းဆိုက်ကပ်နိုင်ပြီး တစ်နေ့လျှင် ဆန်အိတ် ရေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိ သယ်ယူနိုင်သော်လည်း ယခုအခါ မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်ခြင်း ကြောင့် တစ်နေ့လျှင် ဆန်အိတ်ရေ  ၅၀၀၀ ခန့်သာ သယ်ယူနိုင်တော့ကြောင်း သိရသည်။

ဆိပ်ကမ်းလုပ်သားများမှာ ယခင်က တစ်နေ့လျှင် ကျပ် ၈၀၀၀ မှ ၁၂၀၀၀ အထိ ကုန်ထမ်းခရရှိသော်လည်း ယခုအခါ မော်တော်ဆိုက်ကပ်နိုင်သည့် အစင်းရေလျော့နည်းသွားခြင်းကြောင့် ကုန်စည်သယ်ယူမှုပါ လျော့ကျသွား၍ တစ်နေ့လျှင်ကျပ် ၃၀၀၀ မှ ၅၀၀၀ သာ ဝင်ငွေရှိတော့ကြောင်း သိရသည်။

“အရင်က တစ်နေ့ကို အိတ်တစ်သောင်း လောက်ကျတယ်။ အခုကတော့ တစ်နေ့ အိတ် ၄၀၀၀ ၊ ၅၀၀၀ ကျဖို့  အတော်လုပ်ယူရတယ်။ အလုပ်သမားတွေဘက်မှာတော့ ဝင်ငွေလျော့သွားတော့ စားဝတ်နေရေး အဆင်မပြေဘူးပေါ့။ ချေးရငှားရနဲ့ ပိုဆိုးလာတယ်။ အဓိက အဆင်ပြေဖို့ကတော့ ရေကြောင်းပါ။ ရေကြောင်းက အတော်ကိုကျပ်သွားပြီ။ ရေကြောင်းကျပ်တော့ မော်တော်တွေမှာလည်း အဆင်မပြေဘူး။ သူတို့က ကမ်းကပ်မရတော့ ဆန်ကသယ်မရဖြစ်ပြီး အလုပ်သမားတွေမှာ ပိုပြီးတော့ ဒုက္ခရောက်တယ်။ ဒါလေး အမှီပြုပြီး လုပ်ရတာ” ဟု ဆိပ်ကမ်းလုပ်သား ကိုဖိုးလင်းက ပြောကြားသည်။

ကျန်းမာရေးကိစ္စဖြစ်ပေါ်လာပါက ပြင်ပငွေတိုးဖြင့် ကုသရခြင်း၊ ကလေးများပညာရေး ဆက်လက်သင်ကြားရန် ငွေကြေးအခက်အခဲ ကြုံ တွေ့ခြင်းနှင့် အခြားလူမှုရေးကိစ္စများပါ ခက်ခဲလာကြောင်း ဆိပ်ကမ်းလုပ်သားများထံမှ သိရသည်။

ပခုက္ကူဆိပ်ကမ်းတွင် မော်တော်နှစ်စင်းခန့် ဆိုက်ကပ်နိုင်ရန်နှင့် မော်တော်အဝင်အထွက်ပြုလုပ်နိုင်ရန် မော်တော်လုပ်ငန်းရှင်များ ပူးပေါင်း၍ သဲစုပ်ခြင်းများ လုပ်ဆောင်နေရပြီး ဆန်ပို့မော်တော်များမှာ လနှင့်ချီစောင့်ဆိုင်းနေရသည့်အတွက် ညောင်ဦးဘက်ခြမ်းသို့ သွားရောက်ဆိုက်ကပ်၍ ကုန်စည်သယ်ယူမှု ပြုလုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က မော်တော်လေးစင်း ငါးစင်းတစ်ပြိုင်တည်းကပ်နိုင်တော့ ဆန်က ခဏနဲ့ ထုတ်ရတယ်။ တစ်နေ့နှစ်ခေါက်။ မရပါဘူးဆိုရင်တောင် တစ်နေ့တစ်ခေါက်တော့ ရေစကြို နဲ့ ပခုက္ကူဆိပ်ကမ်းသယ်နိုင်တယ်။ လက်ရှိကတော့ တစ်နေ့တစ်ခေါက်ရဖို့တောင် မလွယ်ဘူး။ တချို့ရက်တွေဆို ညအိပ်စောင့်ရတယ်။ ကုန်ကျစရိတ်နဲ့ အချိန်ကုန်တာနဲ့ ကိုယ်ပြန်ရတာ မကာမိဘူး” ဟု ပခုက္ကူဆိပ်ကမ်းသို့ ဆန်လာရောက်သယ်ယူသည့် ကိုသက်မောင်က ပြောကြားသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မိုးဆန်သစ်ပေါ်ချိန်ဖြစ်သည့်အတွက် ပခုက္ကူမြို့သို့ ဆန်တင်ပို့မှု များပြားနေပြီး လက်ရှိတွင် ဆန်ပို့ မော်တော် ၁၀ စင်းခန့် ရောက်ရှိနေသော်လည်း ကုန်စည်အတင်အချ မပြုလုပ်နိုင်သည့်အတွက် ကုန်စည်စီးဆင်းမှု နှေးကွေးသွားကြောင်း  သိရသည်။

ပြည်တွင်း အဓိကဆန်စျေးကွက်ဖြစ်သည့် ပခုက္ကူဆန်စျေးကွက်မှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများနှင့် ယောဒေသ ၊ ချင်းပြည်နယ်များသို့ ဆန်တင်ပို့ရောင်းချသည့်အတွက် အဆိုပါ လုပ်ငန်းအားမှီခို၍ မိသားစု အများအပြားရပ်တည်နေရကြောင်း သိရသည်။

ပခုက္ကူဆိပ်ကမ်းမှာ ပြီးခဲ့သည့်နှစ် အနည်းငယ်မှစ၍ ရေနည်းကာလများတွင် မော်တော်များ ဆိုက်ကပ်ရန်နေရာ အခက်အခဲကြုံတွေ့လာရပြီး ဆိပ်ကမ်းအနီး မြစ်ကြောင်းတိမ်ကောလာမှုအား ပြုပြင်ခြင်းမရှိပါက လာမည့်နှစ်အနည်းငယ်အတွင်း ပခုက္ကူဆိပ်ကမ်း ပျောက်ကွယ်သွားနိုင်ကြောင်း မော်တော်လုပ် ငန်းများက သုံးသပ်မှုများရှိသည်။

 


READ NEXT
Cancel OK