Top News

ပါဂျောင်ဒေသတွင် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားသည့် ကျောင်းသားရဲဘော်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သော ABSDF တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသေးကြောင်း မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများ ပြောကြား
24htopnews | October 24, 2024 9:12 AM CST

၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့က မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲ ဘော်အချင်းချင်း စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သော ABSDF မှ တာဝန်ရှိသူများအနေဖြင့် ယနေ့အချိန်အထိ နစ်နာခဲ့ကြရသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသေးကြောင်း မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်းများက ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် ၂၇ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) နံနက် ၁၀ နာရီက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရကျောင်းတိုက်၊ မြဝတီမင်းကြီးကျောင်းအတွင်းရှိ ကျဆုံးကျောင်းသားရဲဘော်များ၏ အထိမ်းအမှတ်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ၂၇ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်များ၊ ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်များက ကျူးလွန်ခဲ့ကြသူများအနေဖြင့် ABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသေးကြောင်း၊ ABSDF အနေဖြင့် နစ်နာခဲ့ရသူများအတွက် အနည်းဆုံး ဝန်ချတောင်းပန်မှုများ ပြုလုပ်သင့်ကြောင်း မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်များက ပြောကြားခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ ပင်မအဖွဲ့အစည်းဖြစ်တဲ့ ABSDF ဂုဏ်သိက္ခာအတွက် အချိန်တွေ အများကြီးပေးခဲ့တယ်။ ကျွန်တော်တို့ဟာ ဒီကိစ္စတွေ (ကျောင်းသားရဲဘော်အချင်းချင်း ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများ) ကို ပြောကြတဲ့အခါမှာ သူတို့နဲ့ (ABSDF)အတူ ပူးပေါင်းဆောင်ရွက်ပြီးတော့ အခြေအနေတစ်ရပ်အထိ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ထင်ခဲ့ကြသေးတယ်။ မမှားသောလူ ပုဂ္ဂိုလ်၊ မမှားသောအဖွဲ့အစည်း အမှားကင်းစင်တဲ့ အဖွဲ့အစည်းဆိုတာ မရှိပါဘူး။ ဒါပေမဲ့ တာဝန်ယူစေချင်တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြတယ်။ ပြောဆိုခဲ့ကြတယ်။ ထူးခြားတဲ့အခြေအနေတစ်ခုတော့ ဖြစ်မလာခဲ့ပါဘူး။ ဒီနေ့ ABSDF ဟာ ကောင်းမွေ၊ ဆိုးမွေခံရမယ့်နေရာမှာ ကောင်းမွေကိုပဲယူပြီးတော့ ဆက်သွားကြတယ်။ ဆိုးမွေနဲ့ ပတ်သက်ပြီး တာဝန်ယူခြင်းမရှိပါဘူး။ ကျွန်တော်တို့အလိုလားဆုံးက ကျဆုံးသွားကြတဲ့သူတွေဟာ ABSDF တပ်ဖွဲ့ဝင်တွေ ဖြစ်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အသိအမှတ်မပြုတာကိုတော့ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ABSDF ကို မကျေနပ်ပါဘူး။ ဆိုလိုတာက ဒီလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အနည်းဆုံးဝန်ချတောင်းပန်တာမျိုး ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့  မြောက်ပိုင်းပြန်ရဲဘော်တွေအတွက် မဟုတ်ပါဘူး။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တစ်ခုခုတော့ နှစ်သိမ့်ပေးမှုတွေလုပ်ပေးရလိမ့်မယ် သို့မဟုတ် တောင်းပန်ရလိမ့်မယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး ABSDF ဟာ ဘာတစ်ခုမှ လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိဘူး” ဟု ABSDF မြောက်ပိုင်းဒေသ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်က ပြောကြားသည်။

“ABSDF မှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေက ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှုလည်း မရှိသေးဘူး။ တာဝန်ခံမှုလည်းမရှိသေးပါဘူး။ လက်ရှိအချိန်အထိ ငြင်းပြီးတော့ ရှောင်နေတုန်း ရှိသေးတယ်။ ဒါတွေက သူတို့တွေရဲ့ မရိုးသားမှုတစ်ခုဖြစ်တယ်။ အပြစ်ကျူးလွန်ခဲ့တဲ့သူတွေကို အရေးမယူဘဲနဲ့ အကာအကွယ်ပေးနေတယ်။ အမှန်တရားကိုလက်ကိုင်ထားပြီး မဆောင်ရွက်ဘဲ သူတို့အကျိုးအတွက် သူတို့ကြည့်နေသေးတယ်လို့ မြင်ပါတယ်။ ABSDF အနေနဲ့ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ပတ်သက်ပြီး ကျဆုံးကျောင်းသားစာရင်းတွေထဲမှာ ထည့်သွင်းပေးရမယ်။ ကျွန်တော်တို့ဟာ ကျောင်းသားတွေဖြစ်တယ်ဆိုတာကို သူတို့လက်ခံပေးရမယ်။ ဒါဟာ သူတို့ရဲ့ အဓိကတာဝန်ဖြစ်တယ်” ဟု ABSDF မြောက်ပိုင်းဒေသ ဗန်းမော်ခရိုင်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းသားရဲဘော်ဟောင်း ဦးကျော်ဇင်ထွန်းက ပြောကြားသည်။

၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် (၂၇) နှစ် ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်များ၊ ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ကျဆုံးကျောင်းသားရဲဘော်များအတွက် သံဃာတော်များကို ဆွမ်းဆက်ကပ်အမျှပေးဝေခြင်း၊ ကျဆုံးကျောင်းသားရဲဘော်များနှင့်ပတ်သက်၍ အမှန်တရားအမြန်ဆုံးပေါ်ပေါက်ရေး မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်များက ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်ကို ကျဆုံးကျောင်းသားရဲဘော်များအား အလေးပြုခြင်းဖြင့် ရုပ်သိမ်းခဲ့ကြသည်။

 


READ NEXT
Cancel OK