Top News

အောင်လံမြို့နယ်တွင် မင်္ဂလာဆောင်မှပြန်လာသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော်ဒဏ်ရာရကာ အမျိုးသားတစ်ဦးသေဆုံး
24htopnews | October 24, 2024 9:12 AM CST

 

ဖေဖော်ဝါရီ ၁၂ရက်က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် သတို့သမီးဘက်သို့ မင်္ဂလာဆောင်လာသည့်ကားအပြန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ် လက်ပံတုန်းကျေးရွာမှ လက်ပန်လှကျေးရွာသို့ မင်္ဂလာဆောင်ရန် ထွက်လာသည့် ခြောက်ဘီးယာဉ်ငယ်တစ်စီးမှာ အပြန်တွင် ပြကြီးကျေးရွာအနီး၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“ကားက လက်ပံတုန်းရွာကကားပါ။ လက်ပန်လှကျေးရွာဘက်ကို မင်္ဂလာဆောင်လာတာပါ။ မင်္ဂလာဆောင်ပြီးအပြန်ပြကြီး ကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့နေရာမှာ ကားကအတက်မတက်ဘဲ အောက်ပြန်ကျပြီး ချောက်ထဲကျသွားတာပါ။ ကားပေါ်ပါလာတဲ့လူ ၃၆ ယောက်လောက်ဒဏ်ရာရသွားတယ်။ တစ်ဦးကတော့ ဆုံးသွားပါတယ်။ လက်ရှိမှာတော့ မစိုးရိမ်ရတဲ့လူတွေကို ပြလို့တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ စိုးရိမ်ရတဲ့လူနာတွေကိုတော့ ပြည်မြို့ဆေးရုံကို ပို့နေပါတယ်။ လတ်တလောလူနာ ၂၀ လောက် ခြေလက်ကျိုးသွားသူ အများစုကို ပြည်ကို ပို့ထားရပါတယ်” ဟု အောင်လံမြို့နယ် ပြကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောကြားသည်။

အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က “ဖြစ်သွားတာက နေ့လယ်၂ နာရီလောက်ကပါ။ လက်ပံတုန်းရွာကား ကားပေါ်မှာတော့ လူ ၄၀ လောက်ပါတယ်။ မိန်းကလေးဘက်ကို မင်္ဂလာဆောင်လာတာ။ အပြန်အတက် တက်တာကနေ မတက်နိုင်ဘဲ နောက်ပြန်ကျပြီး ချောက်ထဲကျသွားတာ။ ကျွန်တော်ကိုယ်တိုင်လည်း ဆေးရုံကိုသွားရောက်ကြည့်ရှုခဲ့ပါတယ်။ စိုးရိမ်ရတဲ့လူတွေကိုတော့ ပြည်ဘက်ကို လွှဲထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေခံရဲစခန်းက အမှုဖွင့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK