Top News

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုကြောင့် မြန်မာဘုရားဖူးအဖွဲ့မှ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်
24htopnews | October 24, 2024 9:12 AM CST

အိန္ဒိယနိုင်ငံရှိ ဟိုတယ်တစ်ခု မီးလောင်မှုကြောင့် မြန်မာဘုရားဖူးအဖွဲ့မှ နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အိန္ဒိယဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၄ နာရီခွဲခန့်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  Karol Bargh အရပ်ရှိ Arpit Hotel တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ယင်းဟိုတယ်တွင် တည်းခိုလျက်ရှိသော အဖွဲ့ဝင် ခုနစ်ဦးပါသော ရွှေမီဗုဒ္ဓဂယာ မြန်မာဘုရားဖူးအဖွဲ့မှ နှစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

သေဆုံးသူ နှစ်ဦးမှာ တိုက်ကြီးမြို့မှ ဒေါ်လှမေ (၆၆ နှစ်) နှင့် ဒေါ်မြမြထွေး (၄၄ နှစ်) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသူတစ်ဦးမှာ Lady Hardinge  ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး နယူးဒေလီမြို့ ကောင်စစ်ရေးရာဌာန တာဝန်ခံ၊ ပထမအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်တို့က အခင်းဖြစ်ပွားရာနေရာနှင့် ဆေးရုံများသို့ သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

ဘုရားဖူးအဖွဲ့ဝင်ထဲမှ ကျန်မြန်မာနိုင်ငံသား လေးဦးသည် Hotel Matro View တွင် တည်းခိုလျက်ရှိပြီး အခင်းဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာဘုန်းတော်ကြီးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                    

 


READ NEXT
Cancel OK