Top News

သတင်းများတွင် မကြာခဏတွေ့ရှိလာရသည့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ
24htopnews | October 24, 2024 3:12 PM CST

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေး အပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း မိမိကိုယ် ကိုယ် အဆုံးစီရင်မှုသတင်းများကို မကြာခဏ တွေ့ရှိလာရသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုနှင့် ဝင်ငွေထွက်ငွေ မမျှတမှုတို့ကို ပြည်သူများအနေဖြင့် အများဆုံးခံခဲ့ရသည်။

ကိုဗစ်ကာလနှင့် နိုင်ငံရေး အပြောင်းအလဲကာလအတွင်း ပြည်သူအများစုမှာ စားဝတ်နေရေးကျပ်တည်းမှုများကို ခါးစည်းခံခဲ့ရသည့်အပြင် အခြားသော မလုံခြုံမှုနှင့် စိတ်ဖိစီးမှုများလည်း ကြုံတွေ့နေရသည်။

ပြည်သူများအနေဖြင့် ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်းအလဲကာလကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည့်အတွက် စိတ်ဖိစီးမှုနှင့် အခြားသော အကြောက်တရားများကြောင့်လည်း လက်ရှိတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လာခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ် ၂၅ ရက် က မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဂမုန်းပွင့်ရှေ့ လူကူးခုံးကျော် တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချပြီး သေကြောင်းကြံစည်ခဲ့သည်။ အသက် ၅၉ နှစ်အရွယ် အမျိုးသားမှာ ယင်းနေ့နံနက်ပိုင်းက လူကူးခုံးကျော်တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး အသက်သေဆုံးမှုမရှိသော်လည်း

အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနေရသည်။

သြဂုတ် ၂၈ ရက်ကလည်း အသက် ၂၄ နှစ်အရွယ် မိခင်နှင့် သုံးနှစ်အရွယ် ကလေးတစ်ဦး ပြည်မြို့ နဝဒေးတံတားပေါ်မှ ခုန်ချ၍ သတ်သေမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ တံတားပေါ်ရှိ မျက်မြင်များ၏အဆိုအရ မိခင်ဖြစ်သူမှာ တံတားပေါ်သို့ ကလေးလက်ဆွဲ၍ တက်လာကြောင်း၊ ပြီးမှ ကလေးကို ချီ၍ တံတား ၂ တိုင်နှင့် ၃ တိုင်အကြားတွင် ဖိနပ်ချွတ်ထားခဲ့ပြီး ခုန်ချသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့၌ပင် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် ၁၉ လမ်းနေ အမျိုး သားတစ်ဦးမှာ ဆွဲကြိုးချ၍ အဆုံးစီရင်မှုဖြစ်ပွားခဲ့သည်။ အဆုံးစီရင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ် အမျိုးသားမှာ ဆိုက်ကားနင်းသူတစ်ဦးဖြစ်ပြီး မိသားစုဝင်ငါးဦး ကျန်ခဲ့သည်။

“ဒီကာလမှာ ဆိုက်ကားဆရာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အခြေခံ ပြည်သူတွေက စားဝတ်နေရေး ခက်ခဲကြတာပဲ။ အခု သူသေဆုံးခဲ့တာ ဘယ်လိုအကြောင်းရင်းကြောင့်လဲ ဆိုတာတော့ မသိဘူး။ သူတို့မိသားစုက ချို့တဲ့တာတော့ သိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လအတွင်းမှာပင် မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်နှင့် မော်လမြိုင်မြို့ တို့တွင် ဆွဲကြိုးချအဆုံးစီရင်မှုများ ဖြစ်ပွားခဲ့သည်။

သြဂုတ် ၂၂ ရက်တွင် သထုံမြို့နယ်မှ အမျိုးသားတစ်ဦး၊ သြဂုတ် ၂၃ ရက်တွင် သံဖြူဇရပ်မြို့နယ်မှ အမျိုးသားတစ်ဦးနှင့် သြဂုတ် ၂၄ ရက်တွင် မော်လမြိုင်မြို့မှ အမျိုး သားတစ်ဦးတို့ ဆွဲကြိုးချ၍ အဆုံး စီရင်ခဲ့ကြသည်။

သြဂုတ်၂၉ ရက် မွန်းလွဲပိုင်းကလည်း ရန်ကုန်မြို့ ကမာရွတ်မြို့ နယ်ရှိ အင်းလျားကန်ထဲသို့ လူတစ်ဦးခုန်ချ၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ အင်းလျားကန်ထဲသို့ ခုန်ချ၍ အဆုံးစီရင်ခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ၏ အလောင်းကို ယင်းနေ့ ညနေပိုင်းတွင် ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ပြင် ယင်းနေ့ညပိုင်းတွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၌ နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့ကြောင်း We Love Care Burma လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းထံမှ သိရသည်။

လက်လှမ်းမီသမျှ အချက်အလက်များအရ သြဂုတ် ၂၂ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း အဆုံးစီရင်မှုဖြစ်စဉ် ရှစ်မှုရှိခဲ့သည်။ တစ်ပတ်အတွင်း အဆုံးစီရင်မှုဖြစ်စဉ်ရှစ်မှုရှိသည့်အတွက် တစ်ရက်လျှင် အဆုံးစီရင်ဖြစ်စဉ် တစ်မှုနှုန်း ကျော်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။

သြဂုတ်လနည်းတူ စက်တင် ဘာလတွင်လည်း အဆုံးစီရင်မှု ဖြစ်စဉ်များ ရှိခဲ့သည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့ နယ်တွင် စက်တင်ဘာ ၁၁ ရက်က အမျိုးသမီးတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်။ ၎င်း၏အလောင်းကို စစ်ဆေးရာတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ 

“သေသွားတဲ့ ကောင်မလေးက သူနာပြုဆရာမလေးပါ။ ကိုယ့်ကိုယ် ကိုယ် သတ်သေသွားတာဟာ ကိုဗစ်ကြောင့်တော့ မဟုတ်လောက်ဘူး။ တခြားရင်မဆိုင်နိုင်လောက်တဲ့ အခက်အခဲကြောင့် ဖြစ်လောက်မှာပါ”ဟု ဒေသခံတစ်ဦးကဆိုသည်။

စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့ သာကေ တမြို့နယ် ကမာကြည်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချပြီး အဆုံး စီရင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

တံတားပေါ်တွင် ခုန်ချသွားသည့် အမျိုးသား၏ စက်ဘီး၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းများက ဆိုသည်။ တံတားပေါ်မှ ခုန်ချသွားသည့် အမျိုးသားဖြစ်သူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရှိရပေ။

စက်တင်ဘာ ၂၈ ရက်တွင် ချင်းပြည်နယ် ဖလမ်းဆေးရုံမှ ဆေးရုံအုပ်ဖြစ်သူမှာ ၎င်း၏ နေအိမ်၌ ဆွဲကြိုးချပြီး အဆုံးစီရင်သွားခဲ့သည်။

အသက် ၄၁ နှစ်သာ ရှိသေး သည့် ဆေးရုံအုပ်သည် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြုလုပ်သွားသည်ကို မသိရှိရကြောင်း နီးစပ်သူများက ဆိုသည်။

အောက်တိုဘာ ၂၄ ရက်ကလည်း တောင်ဒဂုံမြို့နယ် အမှတ် (၂)  ကမာကြည်တံတားပေါ်မှ ငမိုးရိပ်ချောင်းထဲသို့ အမျိုးသမီးတစ်ဦး ခုန်ချ၍ အဆုံးစီရင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖုန်းတစ်လုံး၊ ဖုန်းအားသွင်း ကြိုး၊ Airpod တစ်ခု၊ ပိုက်ဆံအိတ် တစ်အိတ်၊ ငွေစက္ကူအချို့ကို ချန်ထားပြီးနောက် အမျိုးသမီးမှာ တံတားပေါ်မှ ခုန်ချခဲ့ခြင်းလည်း ဖြစ်သည်။ ငမိုးရိပ်ချောင်းထဲသို့ ခုန်ချခဲ့သည့် အမျိုးသမီး၏အလောင်းကို နှစ်ရက်မြောက်နေ့တွင် ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သည့် အဆုံးစီရင်မှု ဖြစ်စဉ်များမှာ မီဒီယာများ၌ ပါရှိခဲ့သည့် လက်လှမ်းမီသလောက် ဖြစ်စဉ်များသာဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် လက်လှမ်းမမီသော ဖြစ်စဉ်များလည်း အများအပြား ရှိနိုင်သည်။

ကမ္ဘာနှင့် မြန်မာ

လူမှုဘဝနယ်ပယ်များတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုသည် အဖြေရှာမရသည့် ပဟေဠိတစ်ခုလို ဖြစ်နေသည်။ ပုံမှန် နေထိုင်စားသောက် သွားလာနေသူတစ်ဦးက မည်သည့်အတွက်ကြောင့် အဆုံးစီရင်သွားရသနည်းဆိုသည့် မေးခွန်းတွင် အဖြေတိတိကျကျ မရှိပေ။ လူမှုဘဝတွင် အခက်အခဲများ၊ အဆင်မပြေမှုများ၊ စိတ်ဖိစီးမှုများ နှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးပြဿနာများက နေ့စဉ်ကြုံတွေ့နေရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ရှစ်သိန်းခန့်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်နေကြသည့်အတွက် စက္ကန့် ၄၀ လျှင် တစ်ဦးနှုန်း အဆုံးစီရင်နေကြခြင်းလည်းဖြစ်သည်။

ထိုအထဲကမှ ၇၉ ရာခိုင်နှုန်းသည် တစ်ဦးချင်းဝင်ငွေနည်းပါးသည့် (သို့မဟုတ်) ဝင်ငွေအလယ်အလတ်သာရှိသည့် နိုင်ငံများတွင် ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် သေဆုံးသူများကို ကြည့်မည်ဆိုပါက အသက် ၁၅ နှစ်နှင့် ၂၉ နှစ်အကြား အသက်အရွယ်များတွင် ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်း သေဆုံးသူများထဲတွင် ၁ ဒသမ ၄ ရာခိုင်နှုန်းသည် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့်ဖြစ်ကြောင်း သိရသည်။ လူဦးရေ တစ်သိန်းတွင် တစ်နှစ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူ ၁၁ ဒသမ ၄ ဦး ရှိသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တွေ့ရှိချက်များအရ မိမိကိုယ်ကိုယ် အဆုံးစီရင်ရာတွင် ဆွဲကြိုးချအဆုံးစီရင်မှုက ၇၁ ဒသမ ၃ ရာခိုင်နှုန်း၊ အဆိပ် (သို့မဟုတ်) ဆေးအလွန်အကျွံသောက်သုံး၍ အဆုံးစီရင်မှုက ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊  ထိခိုက်နာကျင်အောင်လုပြ်ပီး အဆုံးစီရင်မှုက ၃ ဒသမ ၁ ရာခိုင်နှုန်း၊ ရေထဲခုန်ချ အဆုံးစီရင်မှုက ၂ ဒသမ ၇ ရာခိုင်နှုန်း၊ အဆောက်အအုံပေါ်မှ ခုန်ချသည့်အဆုံးစီရင်မှုက ၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် သေနတ်ဖြင့် အဆုံးစီရင်မှုက သုည ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်သည့်ဖြစ်စဉ်များက နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံ၌ လူဦးရေ တစ်သိန်းတွင် တစ်နှစ်အတွင်း မိမိ ကိုယ်ကိုယ် အဆုံးစီရင်သူအရေအတွက်မှာ ၂၀၀၅ ခုနှစ်တွင် ၃ ဒသမ ၅ ဦးရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၉ ဒသမ ၅ ဦး ရှိလာကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သူ ၄၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိမိကိုယ် ကိုယ် အဆုံးစီရင်သူများထဲတွင် ၂၂ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းမှာ အသက် ၂၅ နှစ်မှ ၄၀ အတွင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စီးပွားပျက်ခြင်းနှင့် အကြွေးဝန်ပိလာခြင်းက မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်စေသည့် အဓိက လူမှုရေးပြဿနာဖြစ်သည်ဟု ဆိုနိုင်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များက ပြောကြားသည်။

ထို့ပြင် မိမိကိုယ်ကိုယ် အဆုံးစီရင်သူတစ်ယောက်ရှိပါက မိမိ ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားသူမှာ ၂၀ ရှိကြောင်း စိတ်ရောဂါ အထူးကုဆရာဝန်များက ဆိုသည်။

မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး စိတ်ဝေဒနာများထဲတွင် စိတ်ကျဝေဒနာ (Depression) သည် နံပါတ် (၁) နေရာ၌ ရပ်တည်နေသည့် ရောဂါတစ်မျိုးဖြစ်ပြီး အဆိုပါရောဂါမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ နှင့် အများဆုံးဆက်စပ်မှုရှိသည့် ဝေဒနာတစ်မျိုးဖြစ်ကြောင်း စိတ် ရောဂါအထူးကုဆရာဝန်များက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အဖြစ်များသည့် အခြားစိတ်ဝေဒနာများမှာ စိတ်ကြွစိတ်ကျရောဂါ (Bipolar Disorder)၊ စိတ်ပူပန်မှုရောဂါ (Anxiety)၊ စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)၊ အသိမှတ်ဉာဏ်လျော့ပါးလာသည့်ရောဂါ (Dementia) နှင့် အရက်၊ မူးယစ်ဆေးစွဲရောဂါ (Alcohol & Substance Misuse Disorder) များ ဖြစ်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မိမိကိုယ် ကိုယ် အဆုံးစီရင်သည့်သူများကို ကြည့်မည်ဆိုပါက ရာခိုင်နှုန်း ၇၀ ကျော်မှာ အမျိုးသားများဖြစ်ပြီး ရာခိုင်နှုန်း ၃၀ အောက်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားမှုတွင် အမျိုးသမီးအရေအတွက်က ပိုမိုများပြားသော်လည်း အမျိုးသမီးသုံးယောက်တွင် တစ်ယောက်ကသာ အမှန်တကယ် သေဆုံးပြီး အမျိုးသားများမှာမူ အဆုံးစီရင်ရန် ကြိုးစားလိုက်သည်နှင့် အောင်မြင်သွားတတ်ကြောင်း စိတ်ရောဂါအထူးကု ဆရာဝန်များထံမှ သိရသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြေများသော အခြေအနေများ

မိမိကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြေများသော အခြေအနေများတွင် တစ်ဦးချင်းဆိုင်ရာအခြေအနေများ၊ လူမှုဆက်သွယ်ရေးဆိုင်ရာ အခြေအနေများ၊ လူမှုအဝန်းအဝိုင်းဆိုင်ရာ အခြေအနေများနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများဟူ၍ ရှိသည်။

တစ်ဦးချင်းဆိုင်ရာ အခြေ အနေများတွင် ယခင်ကသေကြောင်း ကြံစည်ဖူးခြင်း၊ စိတ်ကျရောဂါကဲ့သို့ စိတ်ကျန်းမာရေးပြဿနာများရှိခဲ့ဖူးခြင်း၊ ကာလကြာရှည် နာကျင်မှု ခံစားရခြင်းကဲ့သို့ ပြင်းထန်ရောဂါများရှိခြင်း၊ အမှုအခင်း/တရားဥပဒေဆိုင်ရာ ပြဿနာများရှိခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ငွေကြေးဆုံးရှုံးခြင်း စသည့် စီးပွားရေးပြဿနာ များရှိခြင်း၊ စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ခြင်း (သို့မဟုတ်) ရန်မူတတ်ခြင်း၊ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါများကို အလွန်အကျွံ သုံးစွဲခြင်း၊ လတ်တလော (သို့မဟုတ်) ယခင်က ကလေးဘဝ ဆိုးရွားသော အတွေ့အကြုံများ ရှိခြင်း၊ မျှော်လင့်ချက်မဲ့သည်ဟု ခံစားနေရခြင်းနှင့် အကြမ်းဖက်ခံရခြင်း (သို့မဟုတ်) ပြစ်မှုကျူးလွန်ခြင်းတို့ ဖြစ်သည်။

လူမှုဆက်သွယ်ရေးဆိုင်ရာ အခြေအနေများတွင် အနိုင်ကျင့် ဗိုလ်ကျခံရခြင်း၊ မိသားစု/ချစ်ခင်ရသူများထဲတွင် မိမိကိုယ်ကိုယ် သတ်သေသွားသူများ ရှိဖူးခြင်း၊ လူမှု ဆက်သွယ်ရေး ဆုံးရှုံးခြင်း၊ လူမှုဆက်သွယ်ရေးတွင် အငြင်းပွားမှု (သို့မဟုတ်) အကြမ်းဖက်မှုမြင့်မားခြင်းနှင့် လူမှုပတ်ဝန်းကျင်မှ တစ်ဦးတည်း ကွဲထွက်နေခြင်းတို့ ဖြစ်သည်။

လူမှုအဝန်းအဝိုင်းဆိုင်ရာ အခြေအနေများတွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း၊ လူမှုအဝန်းအဝိုင်းတွင် မိမိကိုယ်ကို သတ်သေသူ များပြားနေခြင်း၊ မတူညီသော ယဉ်ကျေးမှုထုံးတမ်းများကို ပြောင်းလဲလက်ခံရခြင်းကြောင့် ဖိအားများရှိခြင်း၊ လူမှုအဝန်းအဝိုင်းအတွင်း အကြမ်းဖက်မှုများရှိခြင်း၊

ခေတ်အဆက်ဆက် ဖိနှိပ်အကြမ်း ဖက်ခံရမှုများကြောင့် မျိုးဆက်သစ်များတွင် စိတ်ဒဏ်ရာရရှိခြင်းနှင့် နှိမ်ချခွဲခြားဆက်ဆံခံရခြင်းတို့ ဖြစ်ကြောင်း သိရသည်။

လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများတွင် အကူအညီရယူခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာများတွင် နှိမ်ချခွဲခြားဆက်ဆံခံရမည်ကို ကြောက်ရွံ့ခြင်း၊ မိမိကိုယ်ကိုယ် သတ်သေနိုင်သည့် အန္တရာယ်ရှိသူများတွင် အသက်သေဆုံးစေသော နည်းလမ်းများကို အလွယ်တကူ ရရှိနိုင်ခြင်း၊ မိမိကိုယ်ကိုယ်သတ်သေခြင်း သတင်းများကို သတင်းမီဒီယာများက ဘေးကင်းစွာဖော်ပြနိုင်စွမ်း မရှိခြင်းတို့ ဖြစ်ကြောင်း သိရသည်။

 

ဘာကြောင့် အဆုံးစီရင်ကြသလဲ

မိမိကိုယ်ကိုယ် အဆုံးစီရင်နိုင်သည့် အကြောင်းအချက်များထဲတွင် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး၊ လူမှုရေးအခက်အခဲပြဿနာများနှင့် နောက်ကြောင်းရာဇဝင်တို့ ကြောင့် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များထံမှ သိရသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်သူများထဲတွင် ရာခိုင်နှုန်း ၉၀ ခန့်က စိတ်ရောဂါတစ်ခုခု ခံစားနေရသည်ကို တွေ့ရှိရကြောင်း စိတ်ရောဂါ အထူးကုဆရာဝန်များက ဆိုသည်။

စိတ်ကျန်းမာရေးတွင် စိတ်ကျရောဂါ၊ စိတ်ကျစိတ်ကြွရောဂါ၊ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါနှင့် စိတ်ကစဉ့်ကလျားရောဂါများဖြစ်ပြီး အဆိုပါရောဂါရှိသူများထဲတွင် ငါးရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြကြောင်း သိရသည်။

ထို့ပြင် စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသကြီးခြင်း၊ တဇွတ်ထိုးလုပ် တတ်ခြင်း၊ အဆိုးမြင်စိတ်များခြင်းစသည့် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းလက္ခဏာများ လွန်ကဲလာပါက လည်း မိမိကိုယ်မိမိ အန္တရာယ်ပြု နိုင်ခြေများကြောင်းနှင့် အစားရှောင်လွန်းရောဂါ (Anorexia Nervosa)၊ အစားကြူးရောဂါ (Bulimia) နှင့် ဘေးအန္တရာယ်ကြုံတွေ့ပြီး ဖြစ်ပွား စိတ်ဖိစီးမှုရောဂါ (PTSD) ရှိသူများထဲတွင်လည်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်းများကြောင်း စိတ်ရောဂါ အထူးကုဆရာဝန်များထံမှ သိရသည်။

ကိုယ်ကျန်းမာရေးတွင် ကုသ ရခက်သည့် နာတာရှည်ရောဂါ၊ နာတာရှည်နာကျင်ကိုက်ခဲရောဂါ၊ ခုခံအားကျဆင်းရောဂါနှင့် မသန်စွမ်းဖြစ်စေသည့် ရောဂါခံစားရသူများထဲတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ချင်သည့်စိတ်ရှိသူများပြားကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များက ဆိုသည်။

လူမှုရေးအခက်အခဲပြဿနာ များတွင် မျှော်လင့်ချက်ကုန်ဆုံးခြင်း၊ နစ်နာဆုံးရှုံးမှု ခံစားရခြင်း၊ အရှက်တကွဲဖြစ်ရခြင်း၊ သိက္ခာချခံရခြင်း၊ သို့မဟုတ် ထွက်ပေါက်မရှိ လှောင်ပိတ်မိသလို ခံစားရခြင်း စသည့့် ဖိစီးမှုမျိုးကို ကြုံတွေ့ပါက မိမိကိုယ် ကိုယ် အဆုံးစီရင်ချင်သည့်စိတ် ဖြစ်ပေါ်တတ်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များထံမှ သိရသည်။

နောက်ကြောင်းရာဇဝင်တွင် ပထမတစ်ကြိမ် အဆုံးစီရင်ရန်ကြံဖူးသူ၏ ၁၀ ရာခိုင်နှုန်းသည် နောက်တစ်ကြိမ် ထပ်မံ၍ အဆုံးစီရင်ရန် ကြံစည်တတ်ကြောင်း သိရသည်။ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်ကြံပြီး သေဆုံးသွားသူများအနက် လေးပုံ တစ်ပုံခန့်မှာ ယခင်က အဆုံးစီရင်ရန် ကြံဖူးကြသည်ကို တွေ့ရသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွင် အဓိကအချက်နှစ်ချက်တွေ့ရှိရပြီး ပထမအချက်မှာ မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစားရခြင်းနှင့် ဒုတိယအချက်မှာ ခိုးကိုးရာမဲ့သည်ဟု ခံစားရခြင်းကြောင့် အဆုံးစီရင်ကြခြင်းဖြစ်ကြောင်းနှင့် ပထမအချက်ကြောင့် အဆုံးစီရင်မှုမှာ အများဆုံးဖြစ်ကြောင်း စိတ်ရောဂါအထူးကု ဆရာဝန်များက သုံးသပ်ကြသည်။

Facebook တွေ့ရှိမှု

Facebook အနေဖြင့် လူမှုကွန် ရက်အသုံးပြုသူများ၏ လုပ်ဆောင်ချက်များနှင့် အမူအကျင့်များကို မှတ်ဉာဏ်တုနည်းပညာ (AI) အသုံးပြု၍ လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

၂၀၁၇ ခုနှစ်က စတင်ခဲ့သည့် AI အခြေပြု ဆန်းစစ်လေ့လာမှုများအရ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ချင်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်းတို့၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို မကြာခဏ ဖွင့်ဟဖော်ထုတ်လေ့ရှိကြောင်း သိရသည်။

Facebook အနေဖြင့် လူမှုကွန်ရက်အသုံးပြုသူများထဲမှ စိတ်ကျဝေဒနာ ခံစားနေရသူများ၏ လက္ခဏာများကို သိရှိနိုင်ရန် AI နည်းပညာအသုံးပြု၍ Algorithm များ ဖန်တီးထားပြီး ယင်းနည်းပညာမှတစ်ဆင့် မည်သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြေရှိသည်ကို ဆန်းစစ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် လူမှုကွန်ရက် အသုံးပြုသူများထဲတွင် ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ရန် စိတ်ဆန္ဒရှိနေသူများအနေဖြင့် မည်သည့်အကြောင်းအရာမျိုးများ  ပြောဆိုရေးသားတတ်သည်ကို Facebook က အသိပေးထားသည်။

လူမှုကွန်ရက် အသုံးပြုသူများထဲတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စိတ်ဆန္ဒရှိသူများအနေဖြင့် သေချင်တယ် (သို့မဟုတ်) သတ်သေချင်တယ်ဟု ပြောဆိုရေးသားခြင်း၊ တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ကြောင်း ပြောဆိုရေးသားခြင်း၊ အသက်ရှင်ရန် အကြောင်းပြချက် မရှိတော့ကြောင်း ပြောဆိုရေးသားခြင်း၊ တစ်စုံတစ်ယောက် (သို့မဟုတ်) မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီဟု ပြောဆိုရေးသားခြင်း၊ အရက်နှင့်မူးယစ်ဆေးဝါးများ အလွန်အကျွံ သုံးစွဲမိနေကြောင်း ပြောဆိုရေးသားခြင်း၊ မဆင်မခြင် အပြုအမူမျိုး လုပ်မိမှာကို စိုးရိမ်ပူပန်နေကြောင်း (သို့မဟုတ်) လှုံ့ဆော်မှု ခံနေရကြောင်း ပြောဆိုရေးသားခြင်း၊ အလွန်အကျွံ အိပ်ခြင်း (သို့ မဟုတ်) အိပ်ချိန်နည်းပါးလွန်းနေကြောင်း ပြောဆိုရေးသားခြင်း၊ ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားခြင်း၊ ပတ်ဝန်းကျင်၊ မိသားစုနှင့် တသီးတခြား ခွဲခြားခံထားရကြောင်း ပြောဆိုရေးသားခြင်းနှင့် #depressed သို့မဟုတ် #Suicidal ဆိုတဲ့ Hash Tag စာသားမျိုး ပို့စ်တင်ခြင်း စသည့်အကြောင်းအရာများကို ရေးသားတတ်ကြောင်း Facebook က အသိပေးထားသည်။ 

အထက်ပါအကြောင်းအရာများနှင့် တိုက်ရိုက်တူညီသည့် (သို့မဟုတ်) နှီးနွှယ်ဆက်စပ်သည်များကို လူမှုကွန်ရက်ပေါ်တွင် ဆက်တိုက် တင်နေပြီဆိုပါက အဆိုပါ ပုဂ္ဂိုလ်များမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြေ မြင့်မားသည်ဟု ယူဆရကြောင်း Facebook က အသိပေးထားသည်။

 

ကာကွယ်တားဆီးရန် သတိပြု ဆောင်ရွက်ရမည့်အချက်များ

မိမိတွင် စိတ်ဖိစီးမှု လက္ခဏာများ၊ စိတ်ဓာတ်ကျဆင်းနေသည့် လက္ခဏာများ မကြာခဏကြုံလာရခြင်း သို့မဟုတ် နေ့စဉ်ရက်ဆက်နှင့် ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာပြီဆိုပါက ကျွမ်းကျင်သူများနှင့် အမြန်ဆုံးတိုင်ပင် ဆွေးနွေးသင့်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များက အကြံပြုသည်။

WHO နှင့် International Association for Suicide Pre-vention (IASP) အဖွဲ့များ၏ လေ့လာချက်များအရ စိတ်ပင်ပန်းမှုဒဏ်ကို ခံစားနေရသူများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ၂၅ ကြိမ်အထိ ကြိုးစားခဲ့ကြကြောင်း သိရသည်။

စိတ်ရောဂါ အမျိုးမျိုးရှိသော်လည်း စကားပြောကုသနည်း (Psychotherapy) ၊ ဆေးဝါးကုသ နည်း (Antidepressants Medication) နှင့် လျှပ်စစ်ဓာတ်ဖြင့် ကုသနည်း (Electroconvulsive Therapy) များဖြင့် ကုသပေး၍ ရကြောင်း စိတ်ရောဂါအထူးကုဆရာဝန်များက ဆိုသည်။ 

၈၀ ရာခိုင်နှုန်းသော စိတ်ကျဝေဒနာရှင်များမှာမူ စကားပြော ကုသနည်းနှင့် ဆေးဝါးကုသနည်းများဖြင့်  ပြန်လည်ကောင်းမွန်လာလေ့ရှိတတ်ပြီး အချို့စိတ်ရောဂါသည်များမှာ တရားထိုင်ခြင်းနည်းလမ်းဖြင့် အဆင်ပြေသွားတတ်ကြကြောင်း သိရသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အချက်များကို သတိပြုဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ထားသည်။

(၁) တစ်ဦးချင်းဆိုင်ရာ ဆောင်ရွက်ရမည့် အချက်များအဖြစ် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမြှင့်တင်ခြင်း၊ ရှင်သန်နေထိုင်ရန် အကြောင်းပြချက်များ ရှာဖွေခြင်း (ဥပမာ-မိသားစု၊ သူငယ်ချင်းများ၊ အိမ်မွေးတိရစ္ဆာန်များ စသည်)နှင့် မိမိ၏ ယဉ်ကျေးမှု ဓလေ့အစဉ် အလာများကို အခိုင်အမာယုံကြည်မှုရှိခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ 

(၂) လူမှုဆက်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များအဖြစ် လက်တွဲဖော်၊ သူငယ်ချင်းများနှင့် မိသားစုဝင်များက ကူညီပံ့ပိုးပေးခြင်း၊ အခြားသူများနှင့် ဆက်သွယ်မှုရှိသည်ဟု ခံစားရစေခြင်း၊ လူမှုအဝန်းအဝိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ၊ ကျောင်း၊ လူမှုအဝန်းအဝိုင်း၊ အခြားလူမှုအဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟု ခံစားရစေခြင်းနှင့် ခန္ဓာကိုယ်နှင့် အမူအကျင့်ဆိုင်ရာ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ရယူခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

(၃) လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များအဖြစ် မိမိကိုယ်ကိုယ် သတ်သေနိုင်သည့် အန္တရာယ်ရှိသောသူများအနေဖြင့် အသက်သေဆုံးစေသောနည်းလမ်းများကို အလွယ်တကူ မရရှိနိုင်အောင် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ကိုယ့်ကျင့်တရား ခံယူချက်များအရ မိမိကိုယ်ကိုယ် သတ်သေခြင်းများကို ကန့်ကွက်ဆန့်ကျင်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။

(၄) တစ်စုံတစ်ယောက်အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေနိုင်သည့် အန္တရာယ်ရှိနေပါက သတိပြု စောင့်ကြည့်ရမည့် အချက်များအဖြစ် မိမိသည် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု ပြောခြင်း၊ သီးခြားခွဲထွက်နေခြင်း၊ စိတ်ပူပန်မှုများလာခြင်း၊ လှောင်ပိတ်သည်ဟု ခံစားရကြောင်းပြောခြင်း (သို့မဟုတ်) မခံမရပ်နိုင်အောင် နာကျင်သည်ဟု ပြောခြင်း၊ အရက်၊ မူးယစ်ဆေးဝါးကဲ့သို့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ပိုမို သုံးစွဲလာခြင်း၊ အသက်အန္တရာယ် ထိခိုက်စေသော နည်းလမ်းများကို ရရှိနိုင်ရန် ကြိုးပမ်းခြင်း၊ ဒေါသကြီးလာခြင်း၊ စိတ်အတက်အကျ အလွန်မြန်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သည်ဟု ဖော်ပြလာခြင်း၊ အိပ်ချိန်အလွန်နည်းခြင်း (သို့မဟုတ်) အလွန်များခြင်း၊ Talking or posting about wanting to die၊ အသက် သေဆုံးလိုကြောင်းပြောဆိုခြင်း သို့မဟုတ် လူမှုကွန်ရက် (Facebook) တွင် ပို့စ်တင်ခြင်းနှင့် မိမိကိုယ်ကိုယ် သတ်သေရန် အစီအစဉ် များချခြင်းတို့ကို စောင့်ကြည့်ပေးရန်ဟု ဖော်ပြထားသည်။  


READ NEXT
Cancel OK