Top News

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာ ငါးသိန်းခွဲလာဘ်​ယူခဲ့သည်ဟုဆိုကာ အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ဒေါ်​အောင်ဆန်းစုကြည်အား  စစ်​​ဆေးခဲ့ပြီး ​လာမည့်ရုံးချိန်းတွင် အပြီးသတ်​လျှောက်လဲချက်​ပေးရမည်
24htopnews | October 24, 2024 7:12 PM CST

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ​အ​မေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်​ယူခဲ့သည်ဟုဆိုကာ ​ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆို၍ စွဲချက်တင်ထားသည့် အမှု နှစ်မှုအတွက် စွပ်စွဲခံရသူဖြစ်သည့် ​ဒေါ်အောင်ဆန်းစုကြည်အား စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​​စက်တင်ဘာ ၂၀ ရက်က ​​နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ​ဒေါ်​အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်​ဆေးခဲ့​ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ ရက် ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အ​မေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်​ယူခဲ့သည်ဟုဆိုကာ ဒေါ်​အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အတွက် ​ဒေါ်​အောင်ဆန်းစုကြည်အား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ​၎င်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းနှင့်သာ သက်ဆိုင်ကြောင်း၊ ၎င်းအ​နေဖြင့်လည်း မည်သည့်အရာမှ လက်ခံထားခြင်းမရှိသည့်အတွက် အပြစ်မရှိဟု ​ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းထွက်ဆိုသွား​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ယင်းအမှုများနှင့်ပတ်သက်၍ ​အောက်တိုဘာ ၄ ရက်တွင် ချိန်းဆိုထား​သော ရုံးချိန်း၌ ​ဒေါ်အောင်ဆန်းစုကြည်အား အမှုများဖြင့် အမိန့် ချမှတ်ရန် သင့်၊ မသင့် နှစ်ဖက်​ရှေ့​နေများက အပြီးသတ်​လျှောက်လဲချက်ပေးရမည်ဖြစ်​ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် ​စေပိုင်ဆောက်လုပ်​ရေးကုမ္ပဏီကို စတင်တည်​ထောင်ခဲ့ပြီး လုပ်ငန်းများအဆင်​ပြေ​ချော​မွေ့​စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ​ငွေ​ကြေးကူညီခြင်း၊ လှူဒါန်းခြင်းများ ​ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ​ဒေါ်​အောင်ဆန်းစုကြည်၏​ နေအိမ်တွင် အလုပ်လုပ်​နေသည့် ​ဒေါ်ခင်ခင်ဦးနှင့် ရင်းနှီးခဲ့​ကြောင်း၊ ၂၀၁၈ ခုနှစ် ​မေလခန့်တွင် ​ဒေါ်ခင်ခင်ဦး၏ အကူအညီနှင့် ​ဒေါ်အောင်ဆန်းစုကြည်ကို သွား​ရောက်ကန်​တော့ခဲ့ပြီး ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းအတွက် အ​မေရိကန်​ဒေါ်လာ တစ်သိန်းကို စက္ကူလက်​ဆောင်အိတ်အနက်ထဲသို့ ထည့်သွင်း၍ ဦးရှောက်စန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ​ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း ထွက်ဆိုထားသည့် ဦး​မောင်ဝိတ်၏ ရုပ်သံဖိုင်အား ၂၀၂၁ ခုနှစ် မတ် ၁၇ ရက် ည ၈ နာရီတွင် MWD ရုပ်သံက သတင်းကြေညာထားသည်။

MWD ရုပ်သံက သတင်းကြေညာထားသည့် ရုပ်သံဖိုင်တွင် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကို စက္ကူလက်​ဆောင်အိတ်အနက်ထဲသို့ ထည့်၍ ​ဒေါ်​အောင်ဆန်းစုကြည်အား ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာ ငါးသောင်းကို  ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့​ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့​ကြောင်းနှင့် ယင်းသို့ ​ပေးအပ်ချိန်တွင် အနားတွင် မည်သူမှရှိမ​နေ​ကြောင်းလည်း ဦး​မောင်ဝိတ်က ထည့်သွင်း ထွက်ဆိုထားသည်။

လက်ရှိတွင် ဒေါ်​အောင်ဆန်းစုကြည် အ​​နေဖြင့် တရားစွဲဆို ခံထားရသည့် အမှုများအနက် စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် ​ထောင်ဒဏ် ၂၀ နှစ်ချမှတ် ခံထားရပြီး ​နေပြည်​တော်အချုပ်​ထောင်တွင် သီးခြားထားရှိ​ကြောင်း သိရသည်။


READ NEXT
Cancel OK