Top News

YUPT မှ အမြတ်ငွေ ခွဲဝေပေးနိုင်ခြင်းမရှိသေး
24htopnews | October 24, 2024 9:12 PM CST

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှယ်ယာအများဆုံး ထည့်ဝင်ထားသည့် YUPT အနေဖြင့် ယခု ၂၀၂၄ ခုနှစ်တွင်လည်း အမြတ်ငွေ ခွဲဝေပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဝင်းကပြောသည်။

YUPT ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

” YUPT ကုမ္ပဏီအနေနဲ့ စတင်တည်‌ထောင်ခဲ့တဲ့ အချိန်ကစပြီး ခုနှစ်နှစ်တာကာလအတွင်းမှာ ဆက်တိုက်အရှုံးပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့တာဝန်ယူပြီးနောက်ပိုင်း ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း (၂၁၆၃၃)ဘီလီယံကျော်အမြတ်စထွက်ပါတယ်။ ရှေ့လျှောက်လည်း ကျွန်တော်တို့ကုမ္ပဏီက အရှုံးဆိုတာ ရှိတော့မှာမဟုတ်ဘူး။ နှစ်တိုင်းအမြတ်တွေပေါ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမြတ်ငွေ‌ခွဲပေးလို့ မရဘူးဆိုတာက စာရင်းစစ်ရဲ့အကြံပြုချက်အရ ရှေ့ကာလသုံးနှစ်မှာ ရှုံးခဲ့တဲ့အရှုံးသည် (၂၈)ဘီလီယံကျော်ရှိပါတယ်။ အဲဒီဟာကိုရှေ့ကအမြတ်ငွေနုတ်လိုက်ရင် (၃၅) ဘီလီယံကျော်ကျန်ရှိနေပါသေးတယ်။ အဲဒီဟာကျေမှ အမြတ်ငွေစတင်ထုတ်ပေးလို့ရပါပြီ” ဟု ၎င်းကဆိုသည်။

YUPT အနေဖြင့် အစုရှယ်ယာတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် အစုရှယ်ယာရှင် (၂၈၈) ဦး၏ ရင်းနှီးငွေကျပ် (၅ .၆၃၄၄) ဘီလီယံကျပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာငွေကျပ် (၃၅) ဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ယခုအခါ တိုင်းဒေသကြီးအစိုးရဖွဲ့သို့ ရှယ်ယာ (၂) ဘီလီယံထုတ်ပေးခဲ့ပြီး (၃၃) ဘီလီယံကျန်ရှိကာ ယခုအစည်းအဝေးပြီးပါက နောက်ထပ် ၂ ဘီလီယံထပ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YUPT သည် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းကာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကုမ္ပဏီမှတ်ပုံတင်ခွင့်ရရှိထားသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် YUPT လက်အောက်၌ YBS ယာဉ်လိုင်းပေါင်း (၂၄) လိုင်း၊ ယာဉ်အစီးရေ (၆၉၉)စီး ဖြင့် နေ့စဉ်ခရီးသည် လေးသိန်းကျော်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


READ NEXT
Cancel OK