ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ဇွန် ၇ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဟု မေ ၂၄ ရက်တွင် ကြေညာခဲ့ရာ Brexit အကျပ်အတည်း မပြေလည်သေးချိန်တွင် သုံးနှစ်ကြာမြင့်လာသည့် ၎င်း၏ သက်တမ်းကို နိဂုံးချုပ်လိုက်ခြင်းဖြစ်သည်။ Brexit ကို အောင်မြင်ရန် မလုပ်နိုင်ခဲ့မှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်နေမည်ဟု ဒေါင်းနင်းလမ်းရုံး အပြင်ဘက်တွင် မေက အက်ကွဲနေသည့် အသံဖြင့်ပြောကြားခဲ့သည်။
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်မှ ဇွန် ၇ ရက်တွင် နုတ်ထွက်မည်ဟု အသက် ၆၂ နှစ်ရှိ မေက ကြေညာခဲ့သည်။ ပါတီက ၎င်း၏ နေရာအစားထိုးမည့် ခေါင်းဆောင်သစ်ကို ရွေးချယ်သည့်အချိန်အထိ မေက ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူထားမည်ဖြစ်သည်။ ဗြိတိန်တွင် ရွေးကောက်ပွဲအနိုင်ရသည့် ပါတီ၏ ခေါင်းဆောင်သည် ဝန်ကြီးချုပ်အလိုအလျောက် ဖြစ်လာမည်ဖြစ်သည်။
ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရန် ၂၀၁၆ ခုနှစ်တွင် ဆန္ဒခံယူပွဲကျင်းပခဲ့အပြီး ဝန်ကြီးချုပ်ရာထူးရယူခဲ့သော မေသည် Brexit လုပ်ငန်းစဉ်အတွက် ထောက်ခံမှုမရသော ၎င်း၏ မဟာဗျူဟာကြောင့် ပါတီတွင်းနှင့် အစိုးရတွင်းမှ တွန်းလှန်မှုများ ကြုံခဲ့ရပြီးနောက် ယခုကဲ့သို့ နုတ်ထွက်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်လွန်ခေတ်တွင် သက်တမ်းအတိုဆုံး ဗြိတိန်ဝန်ကြီးချုပ်တစ်ဦးဖြစ်လာမည့် မေ၏ လက်ထက်တွင် ဗြိတိန်ခေတ်သစ်သမိုင်း၌ ဝရုန်းသုန်းကားအဖြစ်ဆုံး ကာလများကို ကြုံတွေ့ခဲ့ရသည်။
ပါတီခေါင်းဆောင်ရွေးချယ်မှုအတွက် တာဝန်ရှိသည့် ကွန်ဆာဗေးတစ်ပါတီကော်မတီခေါင်းဆောင်နှင့် ဆွေးနွေးခဲ့ပြီးနောက် မေက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ထောက်ခံမှုမရထားသော ၎င်း၏ ထွက်ခွာရေးသဘောတူညီချက်ကို ဗြိတိန်ပါလီမန်က သဘောတူသည်နှင့် သူသည် ရာထူးမှနုတ်ထွက်မည်ဟု မေက ပြောကြားဖူးသည်။ သို့သော် ဥရောပသမဂ္ဂနှင့် ၎င်းက ညှိနှိုင်းထားသည့် Brexit သဘောတူညီချက်အား ဇွန်အစောပိုင်းတွင် မဲခွဲရန်စီစဉ်ထားမှုကိုလည်း ယခုအခါ ရွှေ့ဆိုင်းထားပြီဖြစ်သည်။
ပြီးခဲ့သောနှစ်တွင် ဥရောပသမဂ္ဂနှင့် ညှိနှိုင်းထားသော မေ၏ သဘောတူညီချက်ကို ဗြိတိန်ပါလီမန်က သုံးကြိမ်တိုင်တိုင် ပယ်ချထားပြီးဖြစ်သည်။ မေက ရာထူးမှနုတ်ထွက်မည်ဖြစ်သောကြောင့် Brexit လုပ်ငန်းစဉ် သည် မရေရာမှု ပိုများလာခဲ့သည်။
မေ ၂ ရက်တွင် ဗြိတိန်၌ ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် အခြေအနေဆိုးရွားခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်များအတွင်း အရှိန်မြင့်တက်လာခဲ့သည့် Brexit နှင့် ပတ်သက်သည့် နိုင်ငံရေးအကျပ်အတည်းများကို လပေါင်းများစွာ ကြုံတွေ့ခဲ့အပြီးတွင် မေသည် ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခံခဲ့ရသည်။ မေ ၂၆ ရက်တွင် ထုတ်ပြန်မည့် ဥရောပပါလီမန် ရွေးကောက်ပွဲရလဒ်များ၌လည်း ဗြိတိန်ကွန်ဆာဗေးတစ်ပါတီသည် အလားတူ ဆိုးရွားသောရလဒ်များအား ကြုံတွေ့ရနိုင်ဟု ခန့်မှန်းထားသည်။
မေက ရာထူးမှနုတ်ထွက်ခဲ့ခြင်းကြောင့် ကွန်ဆာဗေးတစ်ပါတီသည် ပါတီခေါင်းဆောင်ကို ပြန်လည်ရွေးချယ်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတစ်ဒါဇင်ကျော် ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရပြီး Brexit လုပ်ဆောင်မည့် သူအား ရွေးချယ်ဖွယ်ရှိသည်။ ယင်းအတွက်ကြောင့် ဥရောပသမဂ္ဂမှ ထွက်ခွာရန်အစီအစဉ်ကို နှစ်ကြိမ်တိုင်တိုင် နှောင့်နှေးခဲ့သည့် ဗြိတိန်သည် ဘရပ်ဆဲနှင့် ပြီးခဲ့သောလတွင် သဘောတူညီချက်ရခဲ့သည့် ထပ်တိုးရက် အောက်တိုဘာ ၃၁ ရက်တွင် မည်သည့်သဘောတူညီချက်မရဘဲ ထွက်ခွာရန် ရွေးချယ်သွားနိုင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
