Top News

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း မိုးကြက်သွန်နီအသစ် စတင်ဝင်ရောက်နေပြီး နယ်စုံဝယ်လက် လျော့နည်းသွားသည့်အတွက် စျေးနှုန်းပြန်လည် ကျဆင်းနေ
24htopnews | October 25, 2024 2:12 PM CST

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း နိုဝင်ဘာလ တတိယပတ်မှစ၍ မိုးကြက်သွန်နီ အသစ်များ စတင်ဝင်ရောက်နေပြီး နယ်စုံဝယ်လက် လျော့နည်းသွားသည့်အတွက် စျေးနှုန်းပြန်လည် ကျဆင်းသွားကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မိုးကြက်သွန်သစ် ဝင်ရောက်မှုမှာ နေ့စဉ် ပိဿာချိန် တစ်သောင်းအောက်သာ ရှိသေးပြီး အစိုဓာတ် များပြားခြင်းနှင့် သန့်စင်မှု အားနည်းခြင်းများကြောင့် တစ်ပိဿာ အမြင့်ဆုံးကျပ် ၁၃၀၀ ဖြင့်သာ ရောင်းဝယ်ကြောင်း ဒေသခံ ကုန်သည်များမှ သိရသည်။

“နိုဝင်ဘာ ၂၂ မှာ မိုးကြက်သွန်အသစ် အိတ်ရေ ၇၀၀ လောက်ဝင်တယ်။ ဝင်လာသမျှက ဖော်ပြီးစ အစိုတွေဆိုတော့ စျေးနှုန်းကလည်း တစ်ပိဿာ ကျပ် ၁၃၀၀၊ ၁၂၅၀ အဲလောက်ပဲ ရှိပါတယ်။ ကြက်သွန်မှာ ရွှံ့တွေလည်းပါ အစိုဓာတ်လည်များဆိုတော့ ဂိုထောင်မှာထားပြီး အစိုဓာတ်လျော့ သန့်စင်ပြီးမှ ပြန်ရောင်းရမှာပါ။ သူစျေးနဲ့သူတော့ အရောင်းအဝယ် ဖြစ်ပါတယ်” ဟု ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုကျော်သန်းက ပြောကြားသည်။

ပခုက္ကူ ကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသထွက် ကြက်သွန်နီများလည်း ဆက်လက် ဝင်ရောက်ဆဲဖြစ်ပြီး ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် လက်ရှိတွင် ပိဿာချိန် နှစ်သောင်းအောက်သာ ဝင်ရောက်တော့ကြောင်း သိရသည်။

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ယောချောင်းကြက်သွန်မှာ နိုဝင်ဘာလလယ်ပိုင်းတွင် တစ်ပိဿာ ကျပ် ၃၃၀၀ ခန့်ထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ဝယ်လက်နည်းသွားသည့် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်းတွင် တစ်ပိဿာ ကျပ် ၂၅၀၀ ခန့် ပေါက်စျေးရှိတော့ကြောင်း သိရသည်။

“ယောချောင်းဒေသထွက် ကြက်သွန်ကတော့ အဝင်နည်းသွားပြီ။ တောင်သူဆီမှာလည်း ကုန်မကျန် လောက်တော့ဘူး။ နောက်ရက်တွေဝင်လည်း နည်းနည်းပဲ ဝင်တော့မယ်။ လက်ရှိကတော့ ပြည်တွင်းသုံးနဲ့ မြဝတီဘက်ပဲရှိတယ်။ စျေးကလည်း ခပ်မှန်မှန်ပဲ။ ပခုက္ကူမှာတော့ ဘင်္ဂလားဒေ့ရှ် ဝယ်လက် မကြားသေးဘူး။ လာမဲ့ရက်တွေမှာတော့ အသစ်ဝင်လာတဲ့ မိုးကြက်သွန် အဓိကထား ရောင်းဝယ်ကြတော့မှာပါ” ဟု ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုကျော်သန်းက ပြောကြားသည်။

ယခုနှစ် ကြက်သွန်သစ်ပေါ်ချိန် ဧပြီလမှ စက်တင်ဘာလကုန်ပိုင်းထိ နယ်ဝယ်လက်စုံ နည်းပါးခြင်း၊ ကုန်ဝင်များပြားခြင်းများကြောင့် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၇၀၀ ဝန်းကျင်သာ ပေါက်စျေးရှိပြီး အောက်တိုဘာလ ရောက်ရှိမှ စျေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။

ယောချောင်းဒေသမှ ကြက်သွန်စိုက် တောင်သူများမှာ အချို့သော နှစ်များတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ခင်းများ ပျက်စီးခြင်းနှင့် စျေးနှုန်းကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ် ဆုံးရှုံးမှုများ ကြုံတွေ့ရပြီး ယခုလို နယ်ဝယ်လက်စုံ၍ စျေးနှုန်းမြင့်တက်သည့် နှစ်မှသာ အကျိုးအမြတ် ခံစားရကြောင်း သိရသည်။

ယောချောင်းဒေသထွက် ကြက်သွန်များမှာ ပခုက္ကူစျေးကွက်သို့ အများဆုံး လာရောက်ရောင်းချရာ နှစ်စဉ် ပိဿာချိန် သိန်း ၁၀၀ ခန့် ဝင်ရောက်လေ့ရှိပြီး ပခုက္ကူစျေးကွက်မှတစ်ဆင့် အခြားမြို့များသို့ ဆက်လက် တင်ပို့ရောင်းချကြောင်း သိရသည်။


READ NEXT
Cancel OK