မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးသည် ဇန်နဝါရီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်များ ရပ်နားထားရသလို လေ့ကျင့်မှုလည်း ပြုလုပ်နိုင်ခြင်းမရှိဘဲ ရပ်နားထားရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာသည်အထိ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရခြင်းမရှိဘဲ ယခုနှစ်အတွင်း ခြေစမ်းပွဲနှင့် ခြေစစ်ပွဲများအပြင် လေ့ကျင့်မှုကိုပါ ရပ်နားထားရခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲစဉ်များ မရပ်နားခင်အချိန်မှာပင် နည်းပြချုပ် အန်တွမ်နီဟေးက နေရပ်သို့ပြန် သွားခြင်းဖြစ်ကြောင်း သိရသည်။
"နည်းပြချုပ်ကတော့ ဒီလကုန် ဒါမှမဟုတ် ဇန်နဝါရီလဆန်းမှာ မြန်မာနိုင်ငံကို ပြန်လာဖို့ရှိပါတယ်။ လက်ရှိမှာကတော့ ပြန်လာဖို့ စီစဉ်နေတယ်လို့ သိရတယ်။ လေကြောင်းလိုင်းတွေလည်း ပြန်လည်ဖွင့်ခွင့်ပေးတော့မယ်ဆိုရင် နည်းပြချုပ်အနေနဲ့လည်း မြန်မာ့လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်မှုတွေအတွက် အလျင်အမြန်ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် (MFF) ၏ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က အတည်ပြုပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်း၏ လေ့ကျင့်မှုများကို ပြီးခဲ့သည့် သြဂုတ်လတွင် စတင်ပြုလုပ်ရန် ဆန္ဒရှိခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်မရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းနှင့်ပတ်သက်သည့် လေ့ကျင့်ရေးအစီအစဉ်များ၊ ခြေစမ်းပွဲများအပါအဝင် ပြင်ဆင်မှုအပိုင်းအားလုံးကို ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားမီအချိန်ကတည်းကပင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ၎င်းင်းနှင့်အတူ တာဝန်ထမ်းဆောင်ရန် နိုင်ငံခြားသားလက်ထောက်နည်းပြနှင့် ဂိုးနည်းပြများ ခန့်အပ်ပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်း အမြန်ဆုံး လေ့ကျင့်မှု ပြန်လည်စတင်နိုင်ရန် စိတ်အားထက်သန်နေပြီး ရန်ကုန် သို့ မဟုတ် နေပြည်တော်တွင်လေ့ကျင့်ရန် စီစဉ်ထားသည်။ ထို့ကြောင့် နည်းပြချုပ်အနေဖြင့် လက်ရွေးစင်အသင်းကို ပြန်လည်ဖွဲ့စည်းရန် မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားများကိုသာ ရွေးချယ်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
