
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေးဆွေးနွေးထားသော တိုင်းရင်းသား လက်နက်ကိ်ုင်အဖွဲ့ ကိုးဖွဲ့နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော်တွင် ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့အသိပေးပြောကြားခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်တွေရဲ့ ရလဒ်အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ စုစုပေါင်းကိုးဖွဲ့က နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။ ယခင်တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် နစက၏ဖိတ်ခေါ်မှုအပေါ် လာရောက်တွေ့ဆုံနိုင်ခြင်းမရှိသေးသည့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ပြင်ဆင်မှုများရှိနေကြောင်းလည်း နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လာရောက်ဆွေးနွေးဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။ သူတို့ရဲ့ အဖွဲ့တွေထဲမှာ အစည်းအဝေးလုပ်တာတွေ၊ ကိုယ်စားလှယ်ရွေးချယ်တာတွေ၊ ဆွေးနွေးမယ့် အကြောင်းအရာ ပြုစုတာတွေ လုပ်ဆောင်နေကြတဲ့အတွက် နှောင့်နှေးမှုတစ်ချို့ရှိနေကြောင်း ထည့်သွင်းပြောကြားလိုပါတယ်” ဟု နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။
၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဟုလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းရာတွင် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ်၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ယခုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်