နေတိုးအဖွဲ့ထဲသို့ ဆွီဒင်ဝင်ရောက်ရေးအတွက် ဟန်ဂေရီလွှတ်တော်က အတည်ပြုပေးလိုက်သောကြောင့် ဆွီဒင်သည် နောက်ဆုံးအတားအဆီးတစ်ခုကို ကျော်ဖြတ်လိုက်ပြီဖြစ်ကာ ဆွီဒင်ဝန်ကြီးချုပ်ကလည်း ဟန်ဂေရီ လွှတ်တော်က အတည်ပြုပေးလိုက်သည့်နေ့ကို သမိုင်းဝင်နေ့ဟု ပြောကြားခဲ့သည်။
ယူကရိန်းကို ရုရှားကျူးကျော်ခြင်းကြောင့် နေတိုးအဖွဲ့ထဲကို ဆွီဒင်ဝင်ရောက် မည့်ကိစ္စနှင့်ပတ်သက်၍ ယခုအခါ စိတ်သက်သာရာရသွားပြီဟု နေတိုးအဖွဲ့ဝင်နိုင်ငံများက ပြောကြားခဲ့ကြသည်။
ဆွီဒင်သည် နေတိုးအဖွဲ့ကိုပိုမိုတောင့်တင်းစေမည်ဖြစ်ကာ ပိုမိုလုံခြုံစေလိမ့်မည်ဟု နေတိုးအကြီးအကဲ ဂျန်စတိုလ်တင်ဘတ်က ပြောကြားခဲ့သည်။ ထို့အပြင်အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမနီတို့ကလည်း နေတိုးသို့ ဆွီဒင်ဝင်ရောက်လာတော့မည့်အနေအထားကို ကြိုဆိုကြောင်းပြောကြားခဲ့ကြသည်။
နေတိုးအဖွဲ့ထဲသို့ ဆွီဒင်ရောက်လာခြင်းသည် မိမိတို့၏ ကာကွယ်ရေးမဟာမိတ်အဖွဲ့ကို တောင့်တင်းစေပြီး ဥရောပနှင့်ကမ္ဘာ့လုံခြုံရေးတို့ကို တောင့်တင်းစေမည်ဟု ဂျာမနီဝန်ကြီးချုပ်အိုလက်ဖ်ရှိုးလ်က ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်နှစ်တွင် ယူကရိန်းကို ရုရှားကျူးကျော်ခြင်းကြောင့် ဆွီဒင်နှင့်ဖင်လန် တို့သည်နေတိုးအဖွဲ့ထဲဝင်ရောက်ရန် လျှောက်ထားခဲ့ကြပြီး နှစ်နိုင်ငံစလုံးသည် နေ တိုးမဟာမိတ်အဖွဲ့ထဲမဝင်ရေးဆိုသည့် ၎င်းတို့၏ ကာလရှည်သဘောထားကို အဆုံးသတ်ခဲ့ကြသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံတိုင်းသည် နိုင်ငံသစ်ကို အတည်ပြုပေးကြရသည်။ဟန်ဂေရီက အတည်မပြုပေးသဖြင့် တစ်နှစ်ကျော် အချိန်ကြာမြင့်ခဲ့ရသည်။ ယူကရိန်းကရုရှားတပ်များကို တိုက်ခိုက်နေချိန်တွင် ဆွီဒင်ကို ဟန်ဂေရီကအတည်ပြုပေးရန် ကြန့်ကြာနေခဲ့ခြင်းက အခြားနေတိုးအဖွဲ့ဝင် ၃၁ နိုင်ငံကို စိတ်ပျက်စေခဲ့သည်။
ဖင်လန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလထဲတွင် နေတိုးအဖွဲ့ကို ဝင်ရောက်ခဲ့သည်။ သို့ရာတွင် ဟန်ဂေရီနှင့်တူရကီတို့က ဆွီဒင်ကို အတည်မပြုပေးသဖြင့် ဆွီဒင်နေတိုးအဖွဲ့ထဲဝင်ရန် ကြန့်ကြာနေခဲ့သည်။ တူရကီကလွန်ခဲ့သောလတွင် အတည်ပြုပေးခဲ့သည်။
ထို့နောက် ဟန်ဂေရီကလည်း ဆွီဒင်ကို ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ခြောက်မဲဖြင့် အတည်ပြုပေးခဲ့သည်။
“ဒီနေ့ဟာ သမိုုင်းဝင်နေ့ဖြစ်ပါတယ်။ ဆွီဒင်ဟာ ဥရောပ-အတ္တလန်တစ် လုံခြုံရေးအတွက် တာဝန်တွေကို ထမ်းဆောင်ဖို့ အသင့်ပါပဲ”ဟု ဆွီဒင်ဝန်ကြီးချုပ်အူးလ်ခရစ်တာဆင်က လူမှုမီဒီယာ X တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အသေအချာမျှော်လင့်နိုင်တာကတော့ ရုရှားဟာ ဆွီဒင်နေတိုးအဖွဲ့ဝင်ဖြစ်လာတာကို မကြိုက်သလို ဖင်လန်နေတိုးအဖွဲ့ဝင်ဖြစ်သွားတာကိုလည်းမကြိုက်ဘူးဆိုတာပဲဖြစ်ပါတယ်”ဟု ခရစ်တာဆင်က ရုရှားဘက်က တုံ့ပြန်လာနိုင်သည့်အနေအထားကို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ရှေ့လျှောက် နော်ဒစ်နိုင်ငံတွေဟာ နှစ် ၅၀၀ အတွင်း ပထမဆုံးအကြိမ် ဘုံကာကွယ်ရေးဆိုတာ ရှိလာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိတ်ဆွေတွေအဖြစ် ရှိနေမှာဖြစ်ပြီး မဟာမိတ်တွေဖြစ်လာကြမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ဆွီဒင်၏နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စကို အချိန်အကြာကြီးဆွဲထားခဲ့သူဖြစ်သည်။ ဆွီဒင်ကိုနေတိုးအဖွဲ့ထဲဝင်ရန် အတည်ပြုပေးလိုက်ခြင်းက ဟန်ဂေရီ၏ လုံခြုံရေးကို တောင့်တင်းသွားစေလိမ့်မည်ဟု ဝန်ကြီးချုပ်ဗစ်တာ အော်ဘန်က ပါလီမန်ကို ပြောကြားခဲ့သည်။
ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စကိုမူအားဖြင့် ထောက်ခံကြောင်း တပ်တလဲလဲပြောကြားနေသည့်တိုင် ဟန်ဂေရီသည် အတည်ပြုရေးလုပ်ငန်းစဉ်ကို အချိန်ကြာအောင်လုပ်ထားခဲ့ပြီး ဟန်ဂေရီအစိုးရအဖွဲ့ကို သွား ပုပ်လေလွင့်ပြောနေခြင်းအားရပ်ရန် ဆွီဒင်အစိုးရကို မေတ္တာရပ်ခံခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
