ပဲခူးမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအား တင်ဒါယူ ဆောင်ရွက်နေသော ရွှေစွမ်းအင်ကုမ္ပဏီအား ဖျက်သိမ်းပေးရေးအတွက် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက လူအင်အား ၁၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းအတွက် ယခင်အစိုးရလက်ထက် (၁- ၆- ၂၀၁၅) မှစ၍ ရွှေစွမ်းအင်ကုမ္ပဏီမှ တင်ဒါယူ လုပ်ကိုင်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် သက်တမ်းတိုးစာချုပ်ကို ထပ်မံချုပ်ဆို၍ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ပဲခူးမြို့၊ အင်းတကော်မြို့၊ ဘုရားကြီးမြို့၊ ဘုရားကလေးမြို့၊ တောင်ငူမြို့၊ ဇေယျဝတီမြို့ စုစုပေါင်း ခြောက်မြို့အား ရွှေစွမ်းအင်ကုမ္ပဏီမှ မီတာသုံးစွဲခများကို အစိုးရထံမှ တင်ဒါယူ ကောက်ခံခဲ့ကြောင်း သိရသည်။
ထိုသို့ကောက်ခံရာတွင် နိုင်ငံတော်မှ မီတာခနှုန်းထားများ တိုးမြှင့်သတ်မှတ်ပြီးနောက် ယခင်လများမှ ခန့်မှန်းကောက်ယူ၍ ကျန်ရှိခဲ့သော လက်ကျန် မီတာယူနစ်များကို ယခုလများအတွင်း တစ်ပေါင်းတည်း ကောက်ယူ၍ မီတာခနှုန်းထားများ အလွန်အကျွံ ပေးဆောင်ရခြင်း ယခုလများအတွင်း မီတာများမှ သုံးစွဲယူနစ်များထက် ပိုမိုကောက်ယူနေခြင်း မီတာပုံးများကို ဓာတ်တိုင်ထိပ်ဖျားတွင် ချိတ်ဆွဲထား၍ မီတာသုံးစွဲသူ ပြည်သူများအတွက် ပွင့်လင်းမြင်သာမှုမရှိခြင်း စသည့် အချက်များကို ပြည်သူများက သက်ဆိုင်ရာဌာနများသို့ ဆက်တိုက် တိုင်ကြားခဲ့သော်လည်း ထိရောက်သော ဖြေရှင်းမှုများ မရရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။
“ရွှေစွမ်းအင်ကုမ္ပဏီကို ဘယ်တုန်းက တင်ဒါပေးခဲ့တာလဲ ပြည်သူကလည်း မသိရဘူး။ နောက်ပြီး ကုမ္ပဏီက သူ့ဝန်ထမ်းသူ ခေါ်မသုံးဘဲ မြို့နယ် လျှပ်စစ်ဝန်ထမ်းတွေကို သုံးနေတယ်။ ဒါဆို ဝန်ထမ်းလစာတွေကို အစိုးရက ပေးတာလား။ ကုမ္ပဏီက ပေးနေတာလား။ ကိုယ်ပိုင်ရုံး မရှိဘူး။ တိုင်းလျှပ်စစ်ရုံးကို သုံးနေတာ သုံးပိုင်ခွင့်မရှိဘူး။ မီတာဖတ်တော့ သူတို့ပဲမြင်ရပြီး ကျွန်တော်တို့ မမြင်ရဘူး။ အခုတော့ မီတာယူနစ်တွေက မတရားကွာနေတယ်။ ဒါတွေပြောတော့ ထိရောက်တဲ့ ဖြေရှင်းပေးမှု မရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ရွှေစွမ်းအင်ကုမ္ပဏီကို တင်ဒါပေးထားတာကို ဖျက်သိမ်းပေးဖို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်”ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့လက ကျွန်မတို့အိမ်မှာ မီတာခ နှစ်သောင်းကျော်ပဲ ကျတယ်။ အခုလ ရှစ်သောင်းကျော် ကျတယ်ဆိုတော့ မတရားလွန်သွားပြီ။ မီတာကျန်နဲ့ ပေါင်းကောက်ရအောင်လည်း ကျွန်မတို့က တစ်လမှ ကြွေးချန်မထားဘူး ချန်ထားလို့လည်း မရဘူး။ ကျသလောက် ဆောင်ရတာ အခုချန်ခဲ့တယ်ဆိုပြီး ပေါင်းကောက်ရင် ကောက်တဲ့သူရဲ့ တာဝန် ကျွန်မတို့နဲ့မဆိုင်ဘူး။ နောက်ပြီး မီတာဘောက်ကို တိုင်ထိပ်ပေါ် တင်ထားပြီး ဖတ်တော့ ကိုယ်လည်း မမြင်ရဘူး။ ကျွန်မတို့လည်း သိချင်တယ်။ အခုတော့ မှားမှားမှန်မှန် သူတို့ ပြောသလောက် ဆောင်နေရတယ်”ဟု ဆန္ဒထုတ်ဖော်သူ ရပ်ကွက်သူတစ်ဦးက ပြောကြားသည်။
ဆန္ဒထုတ်ဖော်ပွဲကို ပဲခူးမြို့ ၁ လမ်းထိပ် မီးပွိုင့်မှ နံနက် ၉ နာရီခွဲတွင် စတင် ဆန္ဒထုတ်ဖော်ကြပြီး ရွှေစွမ်းအင်ကုမ္ပဏီ၏ လုပ်ကိုင်ခွင့် ရုပ်သိမ်းပေးရေး တို့အရေး၊ မီတာဘောက်များ ဓာတ်တိုင်ပေါ်မှ ပြန်ချပေးရေး တို့အရေး မှားယွင်းသော မီတာဖတ်စာရေးများအား အရေးယူပေးရေး တို့အရေး တိုင်းဒေသကြီးအစိုးရအား ကျော်လွန်၍ ပြည်ထောင်စုအစိုးရနှင့် စာချုပ်ချုပ်ဆိုခဲ့သော ရွှေစွမ်းအင်ကုမ္ပဏီ အလိုမရှိ စသည်တို့အပြင် စုစုပေါင်း တောင်းဆိုချက် ၁၃ ချက် ပါဝင်သော ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင် ဟစ်ကြွေးကာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများကို တာဝန်ယူ ဖြေရှင်းပေးမည့် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူးတို့အား သွားရောက် မေးမြန်းခဲ့သော်လည်း မဖြေကြားနိုင်ကြောင်း ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
