မက္ကဆီကိုသမ္မတဟောင်း အန်းနရစ် ပီညာနစ်တို ဝယ်ယူခဲ့သော ဇိမ်ခံလေယာဉ်အား အစိုးရက ပြန်လည်ရောင်းချမှုတွင် ငွေသားအပြင် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့်ပါ ဖလှယ်၍ ပေးချေဝယ်ယူရန် အမည်ဖော်ပြထားခြင်းမရှိသော ဝယ်ယူသူတစ်ဦးက ကမ်းလှမ်းခဲ့ပြီးနောက် မက္ကဆီကိုအစိုးရက ထိုဇိမ်ခံလေယာဉ်ကို ဒေါ်လာသန်း ၁၂၀ ဖြင့် လေလံတင်ရန် စဉ်းစားနေကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၃ တွင် ပြောကြားခဲ့သည်။
အစိုးရအဖွဲ့၏ ခြိုးခြံချွေတာရေးလှုပ်ရှားမှုကို အစပျိုးလုပ်ဆောင်သည့်အနေဖြင့် သမ္မတ အန်ဒရက်စ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒေါသည် ယခင်သမ္မတဟောင်း၏ Boeing 787 Dreamliner လေယာဉ်ကို ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် သမ္မတ အိုဘရာဒေါသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အမေရိကန်သို့ စီးပွားဖြစ် လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။
ဂျက်လေယာဉ်နှင့် အခြားသောလေယာဉ်များ၊ ရဟတ်ယာဉ်များကို ရောင်းချရာတွင် တန်ကြေးအောက် လျှော့ချ၍ ရောင်းချခြင်းမပြုရန် သမ္မတအိုဘရာဒေါက ၎င်းအား ညွှန်ကြားထားသည်ဟု လေယာဉ် ရောင်းချသည့်ကိစ္စတွင် ပါဝင်လုပ်ဆောင်နေသော နိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဥက္ကဋ္ဌ ဂျော့မန်ဒိုဇာက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ သမ္မတလေယာဉ်ကို ဝယ်ယူမယ့်သူက လေယာဉ်တန်ဖိုးအချို့တဝက်ကို ငွေသားနဲ့ ပေးချေပြီးတော့ ကျန်တန်ဖိုးအချို့တဝက်ကို ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပေးချေဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်” ဟု မန်ဒိုဇာက ပြောကြားခဲ့သော်လည်း ဝယ်ယူသူ၏အမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
အခြားသောနိုင်ငံများနည်းတူ မက္ကဆီကိုနိုင်ငံသည်လည်း ကပ်ရောဂါကူးစက်ပျံ့နှံ့နေသည့် ကာလအတွင်း အောက်ဆီဂျင်ဘူး၊ အသက်ရှူအထောက်အကူပြုကိရိယာများ၊ နှာခေါင်းစည်းများအပါအဝင် ဆေးဘက်ဆိုင်ရာ သုံးပစ္စည်းများ ရှားပါးနေသည်။ အမေရိကန်အစိုးရအဖွဲ့နှင့် တရုတ်အစိုးရအဖွဲ့က မက္ကဆီကိုနိုင်ငံအား ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကူညီထားသည်။
၂၀၁၂ ခုနှစ်တွင် သမ္မတဟောင်း ပီညာနစ်တို ဝယ်ယူခဲ့သည့် ဇိမ်ခံဂျက်လေယာဉ်အတွင်းတွင် စကျင်ကျောက်ပြားများဖြင့် အလှဆင်ထားသော ရေချိုးခန်းများ ပါဝင်သည်။
ထိုလေယာဉ်ကို ရောင်းချရာတွင် လွယ်ကူမှု မရှိခဲ့ပေ။ ထိုဂျက်လေယာဉ်ကို ဒေါ်လာ ၁၂၅ သန်းဖြင့် ဝယ်ယူရန် ဝယ်ယူသူတစ်ဦးက ကမ်းလှမ်းထားကြောင်း သမ္မတ အိုဘရာဒေါက ဇန်နဝါရီလတွင် ပြောကြားခဲ့သော်လည်း မက္ကဆီကိုအစိုးရအဖွဲ့အနေဖြင့် ကုလသမဂ္ဂက ကူညီစျေးဖြတ်ပေးထားသော တန်ဖိုး ဒေါ်လာသန်း ၁၃၀ အောက်လျှော့၍ ယင်းလေယာဉ်ကို ရောင်းချမည်မဟုတ်ကြောင်း ၎င်းက နောက်ပိုင်းတွင် ပြန်လည်ရှင်းလင်းခဲ့သည်။
သို့သော် လက်ရှိတွင် ဂျက်လေယာဉ်ကို ဒေါ်လာသန်း ၁၂၀ ဖြင့် စျေးလျှော့ရောင်းရန် မက္ကဆီကိုအစိုးရအဖွဲ့က မည်သည့်အတွက် စဉ်းစားနေသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဂျက်လေယာဉ်ကို သိမ်းထားစဉ်အတွင်း လေယာဉ်တန်ဖိုး လျော့ကျသွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။
ငွေသားဆုများ ပေးအပ်ခြင်းဖြင့် လေယာဉ်တန်ဖိုး မြင့်တက်လာစေရန်ရည်ရွယ်၍ မက္ကဆီကိုအစိုးရအဖွဲ့က ရန်ပုံငွေရှာ၍ ကံစမ်းမဲဖောက်ပေးသည့်အစီအစဉ်ကို သီးခြားလုပ်ဆောင်ခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
