ကမ္ဘာ့နိုင်ငံများ၌ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို ဖိဖိစီးစီး လိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့ပါက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် ကမ္ဘာတစ်ဝန်းတွင် ပို၍ဆိုးရွားလာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၁၃ တွင် သတိပေးခဲ့သည်။
“ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နိုင်ငံအများအပြားဟာ လမ်းအမှားကို ဦးတည်နေကြပါတယ်။ ဗိုင်းရပ်စ်က အများပြည်သူဆိုင်ရာ ရန်သူ နံပါတ်တစ်အဖြစ် ရှိနေဆဲပါ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာ တက်ဒရိုအာဒါနွန်ဂီဘရီရေဆုက ဂျီနီဗာတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ အခြေခံတွေကို မလိုက်နာဘူးဆိုရင် ကပ်ဘေးရဲ့ လားရာက ပိုဆိုးသထက် ဆိုးလာဖို့ပဲ ရှိပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးတွင် ၁၃ သန်းခန့် ကူးစက်မှုရှိထားပြီး သန်းဝက်ကျော် သေဆုံးထားပြီး ဖြစ်ကြောင်း ရိုက်တာက ပြုစုထားသည့်စာရင်းက ဆိုသည်။
ဇူလိုင်အစောပိုင်းမှစပြီး ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၂.၅ သန်းရှိနေပြီး ပြီးခဲ့သည့်သီတင်းပတ် ခြောက်ပတ်အတွင်း ကူးစက်မှုအသစ် နှစ်ဆတိုးခဲ့သည်ဟု အေအက်ဖ်ပီက ဆိုသည်။
လက်တင်အမေရိကသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၄,၇၅၈ ဦးရှိခဲ့ပြီး အမေရိကန်နှင့် ကနေဒါကို ကျော်တက်ကာ ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် ဒုတိယ အသေအပျောက်အများဆုံးဒေသ ဖြစ်လာခဲ့သည်။ ဥရောပက သေဆုံးသူ ၂၀၂,၅၀၅ ရှိထားပြီး ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးဒေသ ဖြစ်နေသည်။
ဇူလိုင် ၁၂ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၂၃၀,၀၀၀ ရှိခဲ့ပြီး ယင်းတို့အနက် ၈၀ ရာခိုင်နှုန်းသည် နိုင်ငံ ၁၀ နိုင်ငံမှဖြစ်ပြီး ၅၀ ရာခိုင်နှုန်းသည် နိုင်ငံနှစ်နိုင်ငံတည်းမှဖြစ်သည်။ အမေရိကန်နှင့် ဘရာဇီးသည် ဗိုင်းရပ်စ်အကျပ်အတည်းကို အထိနာဆုံးသောနိုင်ငံများ ဖြစ်ကြသည်။
အမေရိကရှိ အချို့နေရာများတွင် ကူးစက်မှု ထိန်းချုပ်မရဖြစ်နေသော နေရာများအတွက် အကန့်အသတ်နှင့် ပိတ်ဆို့မှု၊ နေရာကွက်၍ ထိန်းချုပ်ပိတ်ဆို့မှုများ ဆောင်ရွက်ရန် လိုအပ်နိုင်ဖွယ်ရှိကြောင်း WHO ၏ အရေးပေါ်ဆိုင်ရာတာဝန်ခံ မိုက်ရိုင်ရန်က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကို အပြီးတိုင် တိုက်ဖျက်နိုင်မှသာ ကျောင်းများကို ဘေးကင်းစွာ ပြန်ဖွင့်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
WHO သည် ထရန့်က ကြေညာခဲ့သော အဖွဲ့ဝင်အဖြစ်မှ အမေရိကန်၏နုတ်ထွက်ရန် တရားဝင် အကြောင်းကြားမှုကို မရရှိသေးကြောင်း တက်ဒရိုက ပြောကြားခဲ့သည်။ WHO သည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း စတင်ခဲ့ကတည်းက တရုတ်အလိုကို လိုက်ပါဆောင်ရွက်ခဲ့ကြောင်း ထရန့်က စွပ်စွဲထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က လူမြင်ကွင်းတွင် ပထမဆုံး နှာခေါင်းစည်း ဝတ်ဆင်ခဲ့သော ထရန့်သည် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို အရေးတယူ ဆောင်ရွက်ခဲ့ခြင်းမရှိဟု နိုင်ငံရေးအတိုက်အခံတို့၏ စွပ်စွဲမှုကို ရင်ဆိုင်နေရသည်။
နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်လျှင် ၁၂,၀၀၀ အထိရှိသော တောင်အာဖရိကတွင် ကူးစက်မှုလှိုင်းလုံးကို ကာကွယ်ရန် နိုင်ငံတစ်ဝန်း ကာဖျူးထုတ်ပြန်မှုကို ဇူလိုင် ၁၃ တွင် ပြန်လည် ပြဋ္ဌာန်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှုကို အဓိကထားလေ့လာနေသော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကသည် နှစ် ၅၀ အတွင်း အဆိုးဆုံးသော စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရကြောင်း ဇူလိုင် ၁၃ က သတိပေးခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ဗိုင်းရပ်စ်ကြောင့် အထိနာဆုံးဖြစ်သော အီရတ်တွင် ၂၄ နာရီအတွင်း လူ ၂၀၀ ကျော် ထပ်မံသေဆုံးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃,၀၀၀ ကျော်သို့ ရောက်ရှိသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
