မကြာမီအနားယူမည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနေရာတွင် အစားထိုးခန့်အပ်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကို လျာထားရွေးချယ်ထားကြောင်း ပြည်သူ့ခေတ် မီဒီယာအမည်ရှိ အွန်လိုင်းပေ့ချ်တစ်ခုက ဇန်နဝါရီ ၂၉ ရက်တွင် ရေးသားဖော်ပြသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“ကျွန်တော်တို့ NLD အစိုးရအဖွဲ့ဟာ မလုပ်တတ် မကိုင်တတ်နဲ့ အခက်အခဲတွေ တွေ့နေတယ်ဆိုတဲ့ ပုံရိပ်မျိုး ပေါ်အောင်လို့ ဆောင်ရွက်နေတဲ့လူတွေက တင်တဲ့ဟာတွေပါ” ဟု ၎င်းက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်နှင့် ဦးဖြိုးမင်းသိန်းတို့အား အနားယူမည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နေရာအတွက် လျာထားကြောင်း ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်တွင် စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်မေဝင်းမြင့်က ပြောကြားသည်ဟု ပြည်သူ့ခေတ်မီဒီယာ အမည်ရှိ ဖေ့စ်ဘွတ်ပေ့ချ်က သတင်းဖော်ပြသည်။
“ကျွန်မတို့ အမည်စာရင်းတင်ပြီး နှစ်ယောက် ရွေးချယ်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံဆီကို ပို့ပါမယ်။ နိုင်ငံတော်အတိုင်ပင်ခံက နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ပြီးတော့ အမည်စာရင်းပြန်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ အမည်စာရင်းရတာနဲ့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဒုသမ္မတခန့်အပ်မှာဖြစ်ပါတယ်။ ဒါက လုပ်ငန်းစဉ်ပါ” ဟု ဒေါ်မေဝင်းမြင့်က ပြောကြားကြောင်း ပြည်သူ့ခေတ်မီဒီယာဆိုသည့် ဖေ့စ်ဘွတ်ပေ့ချ်က ရေးသားထားသည်။
ထိုကဲ့သို့ နာမည်တပ် သတင်းဖော်ပြခံမှုနှင့်ပတ်သက်၍ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်မေဝင်းမြင့်က “အဲဒီဟာ အတုကြီး။ အန်တီ အခုတရားစွဲဖို့ရှာနေတော့ ပြည်သူ့ခေတ်လား ဘာလည်း အွန်လိုင်းကဆိုလား” ဟု ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တရားစွဲလိုသော်လည်း ပါတီတာဝန်ရှိသူများကို တင်ပြပြီး ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးဦးမည်ဟု ၎င်းက ပြောကြားသည်။
“အန်တီကတော့ စွဲချင်တာပေါ့။ စွဲချင်လို့ တရားရုံးသွားလည်း အန်တီမှာ အချိန်ကမရှိတော့ လူကြီးတွေ ဘယ်လို ဆုံးဖြတ်ပေးမလဲ မသိဘူး။ သက်သက် မဟုတ်က ဟုတ်ကတွေ လျှောက်ပြီးတော့ လုပ်နေကြတာ။ အန်တီက လူလေးရာရှေ့မှာ အခမ်းအနားမှူးလုပ်တာပဲ ရှိတာ။ ဘာကိစ္စ ဒါကြီးက ပါရမှာလဲ။ အန်တီကို သက်သက်မဲ့ အပုပ်ချတာလား။ ဘာခေါ်မလဲ မသိဘူး” ဟု ဒေါ်မေဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့ခေတ်မီဒီယာအမည်ရှိ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီ ၂၈ ရက်တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ဆိုသည့် သတင်းကို ဦးဟင်နရီဗန်ထီးယူ ဓာတ်ပုံနှင့်တွဲ၍ ဖော်ပြခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် အနားယူမည်ဖြစ်ကြောင်း သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်ဟု ဖော်ပြပါရှိသည်။
ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကို ကိုယ်စားပြုကာ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အနိုင်ရပြီး ဒုတိယသမ္မတ(၂) အဖြစ် ရွေးချယ်တင်မြှောက်ခံရသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
