ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ရှမ်းမြောက် နောင်ချိုတွင် ကျင်းပခဲ့ပြီး ဓနုတစ်မျိုးသားလုံး ကောင်းစားရေးမူဝါဒများ ချမှတ်၍ ဖွံ့ဖြိုးတိုးတက်အောင် ဦးတည် ဆောင်ရွက်သွားမည်ဟု ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် (ဗဟို) အလှည့်ကျဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောကြားသည်။
ဓနုအမျိုးသားနေ့ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ပေါင်း ကိုးမြို့နယ်မှ ဓနုတိုင်းရင်းသား တစ်သောင်းခွဲကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓနုတိုင်းရင်းသားများ နေထိုင်သော နောင်ချိုတွင် ဒီဇင်ဘာ၄ ရက် နံနက်ပိုင်းက ချီတက်ခြင်း အခမ်းအနား၊ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ဓနုအမျိုးသားအလံကို အလေးပြုခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကား ပြောကြားခြင်း၊ ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့ကာ၊ ဒုတိယပိုင်းတွင် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့ တင်ဆက်ကပြဖျော်ဖြေခြင်း၊ အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုတိုင်းရင်းသားများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သဖြင့် ဝန်ကြီးမရတော့ဘဲ မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ သာစည် စသည့် ဓနုဒေသနှင့် ထိစပ်နေသော ဒေသများတွင် လူဦးရေ ငါးသောင်းကျော်လျှင် ဓနုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တစ်ဦးနေရာ ရရှိနိုင်မည် ဖြစ်ကြောင်း၊ အခက်အခဲများရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သော ဓနုများသည် ဗမာလူမျိုးများအဖြစ် မှတ်ပုံတင်တွင် ပါဝင်ခြင်းကြောင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ တစ်ဆင့် မှတ်ပုံတင်ပြုပြင် ပြောင်းလဲနိုင်ရေးအတွက် ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ မှ ၂၈ ရက်အထိ ဓနုအမျိုးသားညီလာခံကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် သုံးရက်တာ ကျင်းပခဲ့ပြီး ဓနုအမျိုးသားနေ့၊ အလံနှင့် သီချင်းတို့ကို ဆန္ဒမဲအများဆုံးဖြင့် မဲခွဲရွေးချယ် သတ်မှတ်ခဲ့ကာ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ကို စတင် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ပထမအကြိမ် ဓနုအမျိုးသားနေ့ကို ရွာငံမြို့တွင် သုံးရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယကြိမ်မြောက် ဓနုအမျိုးသားနေ့ကို နောင်ချိုမြို့တွင် ကျင်းပခြင်း ဖြစ်သည်။
သက်တမ်း နှစ်နှစ်သာရှိသေးသော ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်သည် အတော်အတန် အောင်မြင်မှုရလာပြီဖြစ်ကာ အမျိုးသားနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့အစည်းများဆိုင်ရာ စသော ကဏ္ဍလေးရပ်၊ဒေါက်တိုင်ကြီး လေးခုတို့ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် မူဝါဒများချမှတ်ကာ ရှေ့ဆက် လုပ်ဆောင်သွားရမည် ဖြစ်သည်။
“ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ကနေ မူဝါဒတွေ ချမှတ်ထားပါတယ်။ စာပေရိုးရာတွေ ထိန်းသိမ်းဖို့၊ သမိုင်းတွေ ပြုစုဖို့လည်း ရှိပါတယ်။ စီးပွားရေးမှာလည်း စိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့၊ ရောင်းချသူများ အစုအဖွဲ့၊ တိုင်းရင်းသားလုပ်ငန်းရှင်များ အစုအဖွဲ့ ဆိုပြီးတော့ စီးပွားရေးတိုးတက်အောင် စွမ်းဆောင်နိုင်ဖို့ ရှိပါတယ်။ နောက် အရပ်ဘက်ကဏ္ဍမှာလည်း ဓနုဒေသတွင်းမှာ သယံဇာတ ထုတ်ယူတာမှအစ တိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ကနေ ပူးပေါင်းပါဝင်တယ်။ ဘာလို့ဆို ဒေသခံတွေ နစ်နာမှုတွေကို ကာကွယ်နိုင်အောင်လို့၊ အမျိုးသားနိုင်ငံရေးကဏ္ဍမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချိန်မှာ ဓနုကလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ချင်တယ်။ ဓနုလူမျိုးတွေဟာ စိုက်ပျိုးရေးကို အခြေခံ စားသောက်ရတဲ့အတွက် စိုက်ပျိုးရေးအတွက် ပစ္စည်းတွေ စျေးကွက်မငြိမ်မသက် ဖြစ်နေတာတွေကိုလည်း ထိန်းသိမ်းချင်တယ်။ အစုအဖွဲ့ကနေ ပြည်ပစျေးကွက် ရရှိအောင် ကြိုးစားချင်ပါတယ်။ လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ဟာ နုနယ်သေးပေမယ့် နှစ်နှစ်အတွင်းမှာ စည်းလုံးညီညွတ်လာပါပြီ။ အရင့်အရင် ဘိုးဘွားတွေ မလုပ်ခဲ့တဲ့ စည်းလုံးညီညွတ်ရေးကို ခုချိန်မှာ စတင်လုပ်ကိုင် ဆောင်ရွက်နေရပါတယ်။ အစ်ကိုတို့လူမျိုးဟာ လက်နက်ကိုင်အဖွဲ့အစည်း မရှိသလို အေးအေးချမ်းချမ်းလည်း နေခဲ့တယ်။ သူ့မြို့ကိုယ့်မြို့ပဲ ထိန်းသိမ်းတယ်။ အဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာတော့ တစ်မျိုးသားလုံး ကောင်းစားရေး မူဝါဒတွေ ချမှတ်ပြီး စဉ်ဆက်မပြတ် တစ်ခုပြီး တစ်ခု တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်”ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် (ဗဟို) အလှည့်ကျ ဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
