ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် (Minimum Reserve Requirement) ကို ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ထားရှိရန်နှင့် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်ရာတွင် ငွေတိုက်စာချုပ်များ တန်ဖိုးကို ၉၀ ရာခိုင်နှုန်းအထိ ထည့်သွင်းတွက်ချက်ရန် နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၆/၂၀၂၀ နှင့် ၇/၂၀၂၀ ဖြင့် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ညွှန်ကြားသတ်မှတ်ခဲ့သော မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် (Minimum Reserve Requirement) ပမာဏကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်တွင် ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် ၆/၂၀၂၀ ဖြင့် ယာယီပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁၀/၂၀၁၅ ဖြင့် ဘဏ်များက ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ကို အပ်ငွေစုစုပေါင်း၏ ငါးရာခိုင်နှုန်းထားရှိရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါနှင့် ဆက်စပ်ဖြစ်ပေါ်လျက်ရှိသော လက်ရှိအခြေအနေအရ ပုဂ္ဂလိကဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို အထောက်အကူဖြစ်စေရန် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလို အပ်ချက်ကို ဘဏ်နှင့် ဆက်သွယ်သူများ (Customers) အပ်ငွေစုစုပေါင်း၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ထားရှိရန် ပြင်ဆင်လျှော့ချ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ပြင်ဆင်လျှော့ချမှု ကာလအထိ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိဖြစ်ပြီး ပြင်ဆင်လျှော့ချ သတ်မှတ်သည့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အောက် လျော့နည်းထားရှိပါက ဘဏ်များသည် မူလသတ်မှတ်ချက်အတိုင်း ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၇) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁၀/၂၀၁၇ ဖြင့် သတ်မှတ်ညွှန်ကြားခဲ့သော ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်သည့်ပုံစံအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၇/၂၀၂၀ ဖြင့် ပြင်ဆင်သတ်မှတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အမိန့်ကြော်ငြာစာ ၁၉/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့သည့် ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းအား ညွှန်ကြားချက် အမှတ် ၁၀/၂၀၁၇ ဖြင့် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်သည့် ပုံစံအား ပြင်ဆင်ခဲ့သည်။
အဆိုပါ ညွှန်ကြားချက် အမှတ် ၁၀/၂၀၁၇ အရ ပြင်ဆင်ခဲ့သည့် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ ကျန်ရှိသော ငွေတိုက်စာချုပ်များ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ထည့်သွင်း တွက်ချက်ခြင်းအစား ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက် မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ၉၀ ရာခိုင်နှုန်း ထည့်သွင်းတွက်ချက်ရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပြင်ဆင်ချက်မှလွဲ၍ ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းပါ ကျန်အချက်များသည် ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။
ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရငွေချေး သက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ် ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှု အချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့် အမျိုးအစား ခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသောငွေစာရင်း နှင့် အာမခံအမျိုးအစားအလိုက်ချေးငွေစာ ရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
