မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးသည် သြဂုတ် ၁၉ ရက်က စလင်းကွင်း၌ ကျင်းပသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၉) မှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ပွဲမှ ဖြစ်ရပ်များအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပယ်နယ်တီပေးသည့်ဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် ကွင်းအတွင်းထွက်ခွာခဲ့သဖြင့် မိနစ် ၃၀ နီးပါး ပွဲရပ်နားခဲ့ရသလို ပြန်ကစားရာတွင်လည်း လိုက်ကစားခြင်းမရှိဘဲ ရပ်နေသဖြင့် ပြိုင်ဘက်အသင်းက ဂိုးများ ဆက်တိုက်သွင်းယူခဲ့ရာ မိနစ် ၆၀ ကျော်တွင် ပွဲရပ်နားခဲ့ရသည်။
မြန်မာနေရှင်နယ်လိဂ်သည် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သြဂုတ် ၂၂ ရက်တွင် အရေးယူမှုများပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို ဒဏ်ကြေး ကျပ် ၁၅ သိန်း၊ ပွဲဆက်မကစားရန် စတင်တိုက်တွန်းပြောဆိုခဲ့သော နည်းစနစ်ဒါရိုက်တာ ဦးတင်မောင်ထွန်းကို ဒဏ်ကြေးကျပ် နှစ်သိန်း၊ အုပ်ချုပ်သူ ဦးဌေးနိုင်နှင့် နည်းပြချုပ် ဦးကျော်စိုးဦးတို့ကို ဒဏ်ကြေးကျပ်တစ်သိန်းစီ ချမှတ်ခဲ့ပြီး နည်းစနစ်ဒါရိုက်တာအပါအဝင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများကို နောက်ဆုံးအကြိမ် သတိပေးကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်၏ သတင်းထုတ်ပြန်မှုတွင် "ပွဲကစားချိန် ၃၆ မိနစ်တွင် ရန်ကုန်ကစားသမား ပယ်နယ်တီဧရိယာအတွင်း လက်ထိသဖြင့် ပယ်နယ်တီပေးခဲ့သည့် ဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားများက ဒိုင်လူကြီး ကို ၀ိုင်းဝန်းစောဒကတက်ခဲ့ကြောင်း၊ ယင်းနောက် အုပ်ချုပ်/နည်းပြအဖွဲ့နှင့် ကစားသမားများအား ပြိုင်ပွဲကြီးကြပ်သူနှင့် ဒိုင်လူကြီးတို့်က ထိန်းသိမ်းဖြေရှင်းရာတွင် ပွဲချိန် ၂၇ မိနစ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိတို့ ကစားသမား၏ Shin Guard ကွဲသည်အထိ ပြစ်မှုကျူးလွန်ခံရသော်လည်း ဒိုင်လူကြီးက မည်သည့်အရေးယူမှု မပြုလုပ်ခဲ့သည်မှာ ဘက်လိုက်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ ပယ်နယ်တီဖြစ်ရပ်မှာလည်း ပယ်နယ်တီဧရိယာ အတွင်းဖြစ်ပွားခြင်း မဟုတ်သည့်အတွက် လက်မခံနိုင်ကြောင်း၊ ရန်ကုန်အသင်း နည်းစနစ်ဒါရိုက်တာ ဦးတင်မောင်ထွန်းက ပွဲကြည့်စင်ပေါ်မှ အသင်း CEO က ဆက်မကစားခိုင်းတော့ဘူး။ မင်းတို့ထွက်လာခဲ့ကြ၊ CEO က ဆက်မကစားခိုင်းတာဟု ပြောဆိုကာ အုပ်ချုပ်/နည်းပြအဖွဲ့နှင့် ကစားသမားများကို ပြန်လည်ခေါ်ယူခဲ့ရာ ပွဲချိန် ၃၉ မိနစ်တွင် ကွင်းအတွင်းမှ ထွက်ခွာခဲ့သဖြင့် ပွဲအား ရပ်နားခဲ့ရကြောင်း၊ ပြိုင်ပွဲကြီးကြပ်သူက ဆက်လက်ညှိနှိုင်းသော်လည်း ဆက်မကစားနိုင်တော့ကြောင်းနှင့် သုံးဂိုး၊ သုံးမှတ်ဖြင့် အရှုံးပေးမည်ဖြစ်ကြောင်း၊ MNL CEO က ပွဲဆက် ကစားရန် ညှိနှိုင်းသော်လည်း မိမိတို့အသင်း CEO က ကစားခိုင်းမှ ဆက်ကစားပါမည်ဟု အုပ်ချုပ်/နည်းပြအဖွဲ့မှ အကြောင်းပြန်ခဲ့ ကြောင်း၊ MNL CEO နှင့် ရန်ကုန်အသင်း CEO တို့ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုပြီးနောက် ပွဲရပ်နားချိန် ၂၆ မိနစ်အကြာတွင် ဆက်ကစားရန် သဘောတူခဲ့ကြောင်း၊ ပွဲပြန်ကစားရာတွင် ရန်ကုန်အသင်းကစားသမားများမှာ ဘောလုံးကို ထိတွေ့ခြင်းမရှိ၊ ပုံမှန်အတိုင်းကစားခြင်းမရှိဘဲ ကွင်းအတွင်း ရပ်နေကြောင်း၊ ဒုတိယပိုင်းအစတွင် ကစားသမားငါးဦး တပြိုင်တည်းလဲခဲ့ကြောင်း၊ ပွဲမကစားဘဲ ကွင်းအတွင်း ရပ်နားသလို အား/ကာသိပ္ပံ အသင်း တစ်ဂိုးသွင်းပြီးတိုင်း ရန်ကုန်ယူနိုက်တက် ကစားသမားတစ်ဦးက လှဲချကာ ဒဏ်ရာရသွား၍ မကစားနိုင်သည့်ပုံစံဖြင့် ဟန်ဆောင်ပြုမှုနေကြောင်း၊ ဒုတိယပိုင်းအတွက် ခြောက်ဂိုးထပ်မံရရှိပြီးချိန်တွင် ရန်ကုန်အသင်းမှ နန်းချိုမွှေး၊ ယွန်းဝတီလှိုင်၊ သဲအိလှိုင်၊ ဆွေမာအောင်နှင့် ရွှန်းလဲ့လှိုင်စသည့် ကစားသမား ငါးဦးမှာ ပြင်းထန်သည့်ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ဟန်ဆောင်လှဲချကာ ကွင်းအတွင်းမှ ထွက်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာခြင်းမရှိဘဲ ကွင်းအတွင်း ရန်ကုန်ကစားသမား ခြောက်ဦးသာကျန်သဖြင့် ကွင်းလယ်ဒိုင်က ပြိုင်ပွဲစည်းမျဉ်းအတိုင်း ပွဲသိမ်းခရာမှုတ်ကာ (၀-၁၁) ဂိုးရလဒ်ဖြင့် ပွဲရပ်နားခဲ့ကြောင်း" စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ပြင် သတင်းထုတ်ပြန်မှုတွင် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များအပေါ် လေးစားလိုက်နာခြင်းမရှိဘဲ အလွန်အမင်းပုတ်ခတ်ပြောဆိုခြင်း၊ အသင်းတာဝန်ရှိသူများက ပြိုင်ပွဲရပ်တန့်စေသည်အထိ ကစားသမားများ အပေါ် ညွှန်ကြားခဲ့ခြင်း၊ အသင်းတာဝန်ရှိသူ များအပြင် ၎င်းတို့အသင်းနှင့်အတူ လိုက်ပါလာသည့် ပရိသတ်များပါ ပူးပေါင်း၍ ရုပ်ပျက်ဆင်းပျက် ဝေဖန်အော်ဟစ်လှောင်ပြောင်သရော်ခြင်း၊ ပွဲပြန်ကစားရာတွင် ကွင်းအတွင်း တစ်ချိန်လုံးရပ်နေခြင်းတို့မှာ ပြိုင်ပွဲနှင့် ပြိုင်ဘက်အပေါ် လေးစားမှုမရှိခြင်း၊ လက်ရွေးစင် အချို့နှင့် လူငယ်လက်ရွေးစင်များပါဝင်သည့် အသင်းဖြစ်သော်လည်း အားကစားသမားကောင်း စိတ်ဓာတ်မရှိဘဲ အလွန်အရုပ်ဆိုးအကျည်းတန်သောလုပ်ရပ်မျိုး ပြုမူခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
သို့သော် ယင်းကဲ့သို့ အကျည်းတန်သော အပြုအမူများ ပြုလုပ်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်အနေဖြင့် အရေးယူရာတွင် ဒဏ်ကြေးငွေများသာ ချမှတ်ခဲ့သဖြင့် အရေးယူဆောင်ရွက်မှုများအပေါ် မြန်မာ့ဘောလုံး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ပြုလုပ်လျက် ရှိကြောင်း သိ ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
