ဆူဒန်နိုင်ငံ မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်တွင် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ထိုင်သပိတ်၌ ပူးပေါင်းပါဝင်ရန် ရာနှင့်ချီသော ဆန္ဒပြသူများသည် ဧပြီ ၂၃ ရက်က ပြည့်ကြပ်နေသည့် ရထားတစ်စင်းဖြင့် မြို့တော်သို့ ရောက်ရှိလာသည်။ ထိုစဉ် အရပ်သားအစိုးရတစ်ရပ်ထံသို့ အာဏာလွှဲပြောင်းပေးရန်အတွက် ဆူဒန်စစ်ကောင်စီထံ တောင်းဆိုမှုများအား အမေရိကန်အစိုးရက ထောက်ခံသည့်အကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။
သို့သော် ကိုင်ရို၌ပြုလုပ်သော အာဖရိက ခေါင်းဆောင်များ အစည်းအဝေးတွင်မူ အာဏာလွှဲပြောင်းမှုအတွက် အချိန်ပိုလိုအပ်သည့်အကြောင်း၊ ဆူဒန်စစ်ကောင်စီက အရပ်သားများထံ အာဏာကို ဧပြီလကုန်တွင် နောက်ဆုံးလွှဲပြောင်းပေးရေးနှင့် မလွှဲပါက အာဖရိကသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့လိုက်မည်ဆိုသည့် သတ်မှတ်ချက်အား သုံးလထပ်တိုးပေးရန် သမဂ္ဂအား တိုက်တွန်းထားကြောင်း အီဂျစ်သမ္မတရုံးက ထုတ်ပြန်ထားသည်။
ဆူဒန်နိုင်ငံထဲတွင် လပေါင်းများစွာ ဆန္ဒပြမှုကြီးများ ဖြစ်ပွားပြီးနောက် နိုင်ငံအား ကာလရှည်ကြာအုပ်စိုးခဲ့သည့် သမ္မတ အိုမာအယ်ဘာရှားအား စစ်တပ်က ဧပြီ ၁၁ ရက်တွင် ရာထူးမှ ဖြုတ်ချလိုက်သည်။ ယင်းနောက်တွင် ပေါ်ပေါက်လာသော စစ်ကောင်စီက တိုင်းပြည်အာဏာကို အရပ်သားအစိုးရတစ်ရပ်ထံ ပြန်လွှဲပေးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆူဒန်ဆန္ဒပြသူများက ကတိပြုခဲ့ကြသည်။ ဧပြီ ၂၃ ရက်တွင် အလံများ ဝှေ့ယမ်းနေသည့် ဆန္ဒပြသူ အမြောက်အမြား လိုက်ပါလာကြသော ရထားတစ်စင်းသည် မြို့တော်ခါတွန်၏ ဘာဟာရီ ရထားဘူတာရုံသို့ ရောက်ရှိလာပြီးနောက် ဆန္ဒပြသူများသည် ဆန္ဒပြနေရာသို့ ဦးတည်ချီတက်သွားကြသည်ဟု အေအက်ပီသတင်း ထောက်တစ်ဦးက ပြောခဲ့သည်။
ရထားအမိုးပေါ်၌ တက်စီးလာသည့် ဆန္ဒပြသူများသည် “လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု” အစရှိသည့် စကားလုံးများကို သံပြိုင်ရွတ်ဆိုလာကြစဉ် ဘူတာရုံတွင် ၎င်းတို့ကို ထောက်ခံသူလူအုပ်ကြီးက စောင့်ကြိုနေခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် ဘာရှားလက်ထက်အတွင်း အသတ်ခံရသူများအတွက် ဒဏ်ခတ်ပေးရန် တောင်းဆိုပြီး လျော်ကြေးငွေယူမည်မဟုတ်ဟုဆိုကာ
“သွေးကြွေး ပြန်ဆပ်ရမယ်” ဟု ဟစ်ကြွေးခဲ့ကြသည်။ ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလမှ အစပြုပြီး ဆန္ဒပြပွဲနှင့် ဆက်စပ်နေသည့် အကြမ်းဖက်မှုများအတွင်း သေဆုံးသူ ၆၅ ဦးထက်မနည်း ရှိခဲ့သည်ဟု သိရသည်။
အာဏာလွှဲပေးရန် အမေရိကန်တိုက်တွန်း
နှစ်နှစ်ကြာ အကူးအပြောင်းကာလအတွင်း အာဏာကို ထိန်းသိမ်းထားရန် စစ်ကောင်စီ၏ အစီအစဉ်ကြောင့် ဘာရှား၏ ဆယ်စုနှစ်သုံးခုကြာအုပ်စိုးမှု အဆုံးသတ်သွားပြီးနောက် ကနဦးပိုင်းတွင် ရရှိခဲ့သည့် ပြည်သူတို့၏ ပျော်ရွှင်မှုများသည် ဒေါသအဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
“ဆူဒန်ပြည်သူတွေဟာ သူတို့လိုလားချက်ဟာ ဘာလဲဆိုတဲ့အကြောင်း အရမ်းကို ရှင်းရှင်းလင်းလင်း ပြခဲ့ပြီးပါပြီ။ ကျွန်မတို့ဘက်ကလည်း သူတို့ကို ထောက်ခံလိုပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိ မာကီလာဂျိမ်းစ်က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့်အတူ ကမ္ဘာ့အင်အားကြီးနိုင်ငံများက စစ်ကောင်စီက အာဏာယူထားမှုကို အဆုံးသတ်ပြီး အရပ်သားအစိုးရသို့ အာဏာလွှဲပေးရန် တောင်းဆိုနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
