ထိုင်ဝမ်၏ စစ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းမှုကို အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ခန့်ရှိနိုင်သည့် ပစ္စည်းအစိတ်အပိုင်းများ ရောင်းချပေးရန် အမေရိကန်အစိုးရက အတည်ပြုလိုက်သည်။
ယင်းကဲ့သို့ အတည်ပြုခြင်းကြောင့် ထိုင်ဝမ်ကျွန်းအနီး၌ တရုတ်က စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာစဉ် မိမိတို့၏ တိုက်ပွဲအတွက် အသင့်ပြင်နိုင်စွမ်းကို အားဖြည့်ကူညီရာ ရောက်မည်ဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
၀ါရှင်တန်ရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံး၏ တောင်းဆိုမှုအရ အဆိုပါ ရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီးနောက် လိုအပ်သည့် အတည်ပြုထောက်ခံချက် ရရှိရန်အတွက် ကွန်ဂရက်ထံ တင်ပြထားပြီးဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနက ဇွန် ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရောင်းချမှုတွင် စစ်သင်္ဘောများနှင့် သင်္ဘောများ၏ စနစ်များအတွက် အမျိုးအမည် ဖော်ပြခြင်းမရှိသည့် အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းသည့် အစိတ်အပိုင်းများ ပါဝင်မည်ဖြစ်ကာ ထောက်ပံ့ပို့ဆောင်ရေး နည်းပညာပံ့ပိုးကူညီမှု၊ အမေရိကန်အစိုးရနှင့်ကန်ထရိုက်တာ ကိုယ်စားလှယ်၏နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ထောက်ပံ့မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“အဲဒီရောင်းချမှုဟာ လက်ခံဝယ်ယူသူရဲ့ စစ်ရေယာဉ်စုကို ပြုပြင်ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပြီး မျက်မှောက်ခေတ်နဲ့ အနာဂတ်ကာလရဲ့ ခြိမ်းခြောက်မှုတွေအပေါ် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ သဘောတူညီချက်သည် တစ်လအတွင်း အသက်ဝင်လာမည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်၏ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းကို အားဖြည့်ကူညီမှုအတွက် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
“မကြာသေးမီက ထိုင်ဝမ်အနီးမှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကို ထောက်ရှုမယ်ဆိုရင် အမေရိကန်က ရောင်းချဖို့ သဘောတူခဲ့တဲ့ သင်္ဘောအစိတ်အပိုင်းတွေဟာ မိမိတို့ရေတပ် သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး တိုက်ပွဲဝင်နိုင်စွမ်းနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကိုလည်း ပြည့်မီစေမှာဖြစ်တယ်” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် မည်သို့သော အစိတ်အပိုင်းများ လက်ခံရရှိမည် ဆိုသည်ကိုမူ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ တရုတ်စစ်လေယာဉ်များက အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အစိုးရက အပြစ်တင်ပြောဆိုထားသည်။ ယင်းသည် တရုတ်က ၎င်းတို့အုပ်ချုပ်မှုကို လက်ခံလာအောင် ထိုင်ဝမ်ကို ဖိအားပေးသည့် လုပ်ရပ်ဖြစ်သည်ဟု အမေရိကန်အစိုးရက ရှုမြင်ထားသည်။
ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ခဲ့မည်ဆိုလျှင် အမေရိကန်အနေဖြင့် ထိုင်ဝမ်အား စစ်ရေးအရ အကာအကွယ် ပေးသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
