Top News

ဆော်ဒီလိဂ်ပြိုင်ပွဲသည် ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လာနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ သုံးသပ်
24htopnews | November 14, 2024 11:12 PM CST

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှ နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ဆော်ဒီလိဂ်ပြိုင်ပွဲသည် ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လာနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဘန်ဇီမာ(၃၅ နှစ်)သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်အသင်းနှင့်လမ်းခွဲကာ အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စီရော်နယ်လ်ဒိုနည်းတူ ဆော်ဒီလိဂ်သို့ ထိပ်တန်းကစားသမားများစွာ လိုက်ပါပြောင်းရွှေ့စေရန် ဦးဆောင်လမ်းပြခဲ့သူတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။

ဘန်ဇီမာသည် လက်ရှိအချိန်၌ အယ်လ်အစ်တီဟတ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲတွင် (၆)ဂိုးသွင်းယူပေးထားသူဖြစ်ပြီး ယခုတစ်ပတ် စတင်ယှဉ်ပြိုင်ကစားရမည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုရယူနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များကို ယနေ့ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းအတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဆော်ဒီလိဂ်၏ အနာဂတ်အလားအလာနှင့်ပတ်သက်၍ မေးမြန်းရာ၌ ဘန်ဇီမာက ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

'' ဆော်ဒီလိဂ်ပြိုင်ပွဲက ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ လက်ရှိအသင်းတွေမှာ ပရော်ဖက်ရှင်နယ်ကစားသမားအရေအတွက်ကို တိုးမြှင့်နိုင်မယ်ဆိုရင် ဒီအရာက ဖြစ်လာနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားတွေ များပြားလာခြင်းက လိဂ်ပြိုင်ပွဲကိုလည်း ဖွံ့ဖြိုးတိုးတက်မှု ပိုပြီးဖြစ်လာစေပါလိမ့်မယ်''ဟု ဘန်ဇီမာက ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ပရိသတ်အချို့ကမူ ဘန်ဇီမာသည် စီရော်နယ်လ်ဒို၊ နေမာ စသည့် အခြားထိပ်တန်းကစားသမားများနည်းတူ ဆော်ဒီလိဂ်တာဝန်ရှိသူများ အလိုကျမည့်စကားကို ပြောကြားခဲ့ခြင်းဖြစ်ဖွယ်ရှိပြီး ယင်းအတွက် ၎င်းတို့အနေဖြင့် ငွေကြေးအကျိုးအမြတ်ရရှိနေသည်ဟု ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

စီရော်နယ်လ်ဒိုက ဆော်ဒီလိဂ်သည် ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲ (၅)ခုစာရင်းတွင်  ပါဝင်နိုင်သည်ဟု ပြောကြားခဲ့ဖူးသလို၊ နေမာကလည်း ဆော်ဒီလိဂ်သည် ဥရောပထိပ်သီးလိဂ်(၅)ခုစာရင်းဝင်နေသည့် ပြင်သစ်လီဂူးထက် ပိုကောင်းသည့်လိဂ်ပြိုင်ပွဲ ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ဖူးသည်။

ဆော်ဒီလိဂ်တာဝန်ရှိသူများသည် နာမည်ကျော်ထိပ်တန်းကစားသမားများကို ခေါ်ယူရာ၌ မြင့်မားသည့် လစာနှုန်းထား ပေးချေရုံသာမက အခြားခံစားခွင့်များစွာလည်း ပေးအပ်ထားရာ ဆော်ဒီလိဂ်အား မြှင့်တင်မှုပြုလုပ်ပေးခြင်းအတွက် ဆုကြေးထပ်မံပေးအပ်မည်ဆိုသည့်အချက် ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ပြောဆိုကြခြင်း ဖြစ်ဖွယ်ရှိကြောင်းလည်း သိရသည်။ 


READ NEXT
Cancel OK