Top News

■ ဇန်နဝါရီတွင် ခီယေဆာကို လီဗာပူးလ်အသင်း လက်လွှတ်မည်မဟုတ်
24htopnews | November 15, 2024 5:12 PM CST

လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းတိုက်စစ်ကစားသမား ခီယေဆာအား လက်လွှတ်မည်မဟုတ်ကြောင်း သိရသည်။ 

    

အသက် (၂၇) နှစ်အရွယ်ရှိ အီတလီတိုက်စစ်ကစားသမား ခီယေဆာသည် ပြီးခဲ့သည့်နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်(၁၀)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

သို့သော် ခီယေဆာသည် အင်္ဂလန်မြေတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည့်အတွက် အီတလီသို့ပြန်ရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

လက်ရှိတွင် လီဗာပူးလ်အသင်း၌ နေရာမရသည့် ခီယေဆာအား အေစီမီလန်နှင့် ရိုးမားအသင်းတို့က စီးရီးအေသို့ ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

သို့သော် လီဗာပူးလ်နည်းပြ အာနယ်ဆလော့က လာမည့်ဇန်နဝါရီတွင် အသင်းမှကစားသမားများကို ထွက်ခွာစေမည်မဟုတ်ဟု ပြောကြားထားသည်။ 

လီဗာပူးလ်အသင်းသည် ခီယေဆာအား ပရီးမီးယားလိဂ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်ရန်အတွက် တစ်ဦးတည်း လေ့ကျင့်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။ 

ခီယေဆာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃) ပွဲတွင် လူစားဝင်အဖြစ်သာ ပါဝင်ကစားခွင့်ရထားပြီး စုစုပေါင်း (၇၈) မိနစ်သာ ကစားထားရသေးကြောင်း သိရသည်။ 


READ NEXT
Cancel OK