Top News

UEFA Nations League A အုပ်စု A2 မှ အီတလီနှင့် ပြင်သစ်အသင်းတို့ လက်ကျန်တစ်ပွဲကစားရန်အလိုတွင် ကွာတားဖိုင်နယ်တက်ရောက်
24htopnews | November 16, 2024 1:12 PM CST

 

၂၀၂၄-၂၀၂၅ UEFA Nations League ပြိုင်ပွဲ၏ League A အုပ်စု A2 မှ အီတလီနှင့် ပြင်သစ်အသင်းတို့ လက်ကျန်တစ်ပွဲ ကစားရန်အလိုတွင် ကွာတားဖိုင်နယ်တက် ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။

အုပ်စု A2 ၏ ပွဲစဉ် ၅ ကို နိုဝင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အီတလီအသင်းက ဘယ်လ်ဂျီယံအသင်းကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် အနိုင်ရကာ ပြင်သစ်အသင်းမှာ မူ အစ္စရေးအသင်းကို အိမ်ကွင်း၌ အနိုင်မရဘဲ ဂိုးမရှိသရေကျခဲ့သည်။ အီတလီအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ တိုနာလီက ပထမပိုင်း ၁၁ မိနစ်တွင် ဒီလော်ရန်ဇို၏ပေးပို့မှုမှတစ်ဆင့် ခြောက်ကိုက်အကွာမှ သွင်းယူပေးခဲ့သည်။ 

ယင်းဂိုးမှာ တိုနာလီအတွက် လက်ရွေးစင်ကစားသမားဘဝ ပထမဆုံး သွင်းဂိုးလည်းဖြစ်သည်။ အသင်းခေါင်းဆောင် အမ်ဘာပေမပါဝင်သည့် ပြင်သစ်အသင်းမှာမူ ဂိုးကန်သွင်းမှု ၂၄ ကြိမ်အထိရရှိသော်လည်း တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိသလို အစ္စရေးဂိုးသမား ပီရက်ဇ်က ကာကွယ်မှုရှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ငါးပွဲစီကစားအပြီးတွင် အီတလီအသင်းက ၁၃ မှတ်၊ ပြင်သစ်အသင်းက ၁၀ မှတ်ဖြင့် ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရခဲ့ပြီး ဘယ်လ်ဂျီယံအသင်းက လေးမှတ် နှင့် အစ္စရေးအသင်းက တစ်မှတ်ရရှိထားသည်။ အုပ်စုနောက်ဆုံးပွဲတွင် အီတလီ-ပြင် သစ်၊ အစ္စရေး-ဘယ်လ်ဂျီယံတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အုပ်စုပထမနေရာနှင့် တန်းဆင်း Play-offs နေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ UEFA Nations League ပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပလျက်ရှိ ပြီး ယခင်က League A တွင် အုပ်စုထိပ်ဆုံး ရပ်တည်နိုင်သည့်တစ်သင်းစီ၊ စုစုပေါင်းလေးသင်းမှာ Nations League Finals အဖြစ် ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ ၂၀၂၄-၂၀၂၅ ပြိုင်ပွဲတွင်မူ အုပ်စုထိပ်ဆုံးနှစ်သင်းစီ၊ စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရပြီး အနိုင်ရသည့်လေးသင်းမှာ Nations League Finals အဖြစ် ဆီမီးဖိုင် နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ဆက် လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက် ပွဲစဉ်များအပြီးတွင် အုပ်စု A2 မှ အီတလီနှင့် ပြင်သစ်၊ အုပ်စု A3 မှ ဂျာမနီနှင့် အုပ်စု A4 မှ စပိန်အသင်း တို့ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရထားသည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို ၂၀၂၅ ခုနှစ် မတ် ၂၀၊ ၂၃ ရက်တွင် နှစ်ကျော့၊ Nations League Finals အဖြစ် ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇွန် ၄၊ ၅ ရက်၊ တတိယနေရာ လုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၈ ရက်တွင် တစ်ကျော့တည်း ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK