Top News

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်သစ်တွင် သွင်းကုန်ရော ပို့ကုန်ပါ ပိုမိုမြင့်တက်လာပြီး အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၉၇၆ သန်း ကုန်သွယ်နိုင်ခဲ့
24htopnews | November 19, 2024 12:12 AM CST

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်သစ်တွင် သွင်းကုန်ရော ပို့ကုန်ပါ ပိုမိုမြင့်တက်လာပြီး အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၉၇၆ သန်း ကုန်သွယ်နိုင်ခဲ့သည့်အတွက်  ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၁ ဒသမ ၃၀၄ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ 

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ ကုန်ပစ္စည်း တင်ပို့မှုမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂  ဒသမ ၅၀ သန်းဖိုး တင်ပို့ခဲ့သော်လည်း ထိုင်းနိုင်ငံဘက်မှ ပြည်တွင်းစျေးကွက်သို့ တင်ပို့မှုမှာ ဒေါ်လာ ၈၀ ဒသမ ၆၂၆ သန်း ရှိသည့်အတွက် ပို့ကုန်သည် သွင်းကုန်ထက် ၆ ဒသမ ၅ ဆ လျော့နည်းနေဆဲ ဖြစ်သည်။ သို့သော်လည်း ယခင်နှစ်ထက် ပို့ကုန်တင်ပို့မှု မြင့်တက်လာကြောင်း စီးပွားကူးသန်းဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ 

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်ရေးစခန်း ၁၆ ခုအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်ပြီး ကုန်သွယ်မှု အများဆုံးမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေးစခန်း ဖြစ်သည်။ မူဆယ် ကုန်သွယ်ရေးစခန်းသည် လက်ရှိ ဘဏ္ဍာနှစ် တစ်လနှင့် ၁၀ ရက်တွင် အမေရိကန် ဒေါ်လာ ၄၁၀ ဒသမ ၀၂၅ သန်း ကုန်သွယ်ထားသော်လည်း ပို့ကုန်များစွာ လျော့ကျနေခြင်းကြောင့် ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ် လာ ၁၃၂ ဒသမ ၉၇၅ သန်း လျော့ကျခဲ့ကြောင်း သိရသည်။  

ဗီယက်နမ်နိုင်ငံ ဒါနန်းမှ အိန္ဒိယနိုင်ငံအထိ ကူးလူးကုန်သွယ်မည့် အရှေ့အနောက် စီးပွားရေးစင်္ကြမှာ တည်ရှိသည့် မြဝတီ နယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်း၊ အလှကုန်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်း၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ်ပစ္စည်းများနှင့် သစ်သီးပျိုးပင်များ တင်သွင်းခဲ့သည်။ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိသည်။ ထို့အတူ သစ်ပင်ပျိုးပင်မျိုးစုံ နှင့် ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်  စသော အသီးမျိုးစုံ၊ အရွက်မျိုးစုံတို့ကိုလည်း တင်သွင်းလျက် ရှိသည်။ 

ထို့ပြင် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် တရားဝင် မော်တော်ယာဉ်တင်သွင်းမှု မရှိသလောက်  နည်းပါးနေသော်လည်း ဂျပန်တစ်ပတ်ရစ် Without ကားများ၊ ဘီယာမျိုးစုံ၊ အေးခဲအသား၊ ကြက်နှင့် ကြက်ထွက်အသည်း၊ အိမ်ထောင် ပရိဘောဂအဟောင်းများ တင်သွင်းခွင့်မပြုရန် တားမြစ်ထားသော်လည်း တရားမဝင် တင်သွင်းလျက် ရှိသည်။


READ NEXT
Cancel OK