Top News

နာပိုလီဝတ်စုံ ဝတ်ဆင်ထားသည့် ဓာတ်ပုံများကို အိုဆင်မန် ဖျက်ပစ်ခဲ့ပြီး Tik Tok ဗီဒီယိုအတွက် နာပိုလီအသင်းအား တရားစွဲရန် စဉ်းစားနေ
24htopnews | November 19, 2024 12:12 AM CST

နာပိုလီတိုက်စစ်မှူး အိုဆင်မန်သည် အသင်းက ၎င်းအားလှောင်ပြောင်ထားသည့် ဗီဒီယိုကို Tik Tok တွင်တင်ခဲ့ပြီးနောက် အသင်းအကျႌဝတ်ဆင်ထားသည့် ဓာတ်ပုံအားလုံးနီးပါးကို ဖျက်ပစ်ခဲ့ပြီး Tik Tok ဗီဒီယိုအတွက် အသင်းအား တရားစွဲရန် စဉ်းစားနေကြောင်း သိရှိရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့်ရာသီက နာပိုလီအသင်း စီးရီးအေချန်ပီယံဆု ရရှိရာတွင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

သို့ သော် နာပိုလီအသင်းသည် စက်တင်ဘာ (၂၆)ရက်က ဘိုလော့ဂ်နာနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် အိုဆင်မန် ပယ်နယ်တီလွဲချော်ခဲ့ခြင်းကို လှောင်ပြောင်ထားသည့်ဗီဒီယိုအား ၎င်းတို့၏တရားဝင် Tik Tok အကောင့်တွင် တင်ခဲ့ခြင်းဖြစ်သည်။

ယင်းဗီဒီယိုတွင် အိုဆင်မန် ပယ်နယ်တီတောင်းနေပုံနှင့် ပယ်နယ်တီကန်သွင်းရာတွင် ဘေးထွက်သွားသည်ကို ပြသထားကြောင်း မြင်တွေ့ရသည်။

ယင်းဗီဒီယိုကြောင့် အိုဆင်မန်သည် နာပိုလီအသင်းကို ဒေါသထွက်နေပြီး အသင်းကို တရားစွဲဆိုရန် စဉ်းစားနေကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ကာလန်ဒါက ပြောကြားခဲ့သည်။

ကာလန်ဒါက ''ဒီနေ့ နာပိုလီအသင်းရဲ့ တရားဝင် Tik Tok အကောင့်မှာ ဖြစ်ပျက်ခဲ့တာတွေက လက်ခံနိုင်စရာ မရှိပါဘူး။ ဗစ်တာ(အိုဆင်မန်)ကို လှောင်ပြောင်ထားတဲ့ဗီဒီယိုကို Public တင်ခဲ့တာ ဖြစ်ပြီး အတော်ကြာတော့မှ ပြန်ဖျက်ခဲ့ပါတယ်။ ဒါက ကစားသမားအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်စေတယ်ဆိုတာ ထင်ရှားပါတယ်။ မီဒီယာတွေနဲ့ မမှန်ကန်တဲ့သတင်းတွေကြောင့် ခံစားခဲ့ရတဲ့ အိုဆင်မန်အတွက် အခုနာပိုလီအသင်းရဲ့ လုပ်ရပ်က အတော်လေး ဆိုးရွားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗစ်တာ(အိုဆင်မန်)ကို ကာကွယ်ဖို့ တရားစွဲခွင့်ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ဝေဖန်သံများ ဆူညံလာပြီးနောက် အိုဆင်မန်အား လှောင်ပြောင်ထားသည့် ဗီဒီယိုကို ပြန်ဖျက်ခဲ့ကြောင်း သိရှိရသည်။

သို့သော် အိုဆင်မန်သည် နာပိုလီအသင်း၏လုပ်ရပ်ကို ဒေါသထွက်နေပြီး ၎င်း၏ Instagram အကောင့်မှ နာပိုလီအကျႌဝတ်ဆင်ထားသည့် ဓာတ်ပုံအားလုံးနီးပါးကို ဖျက်ပစ်ခဲ့ကြောင်း သိရသည်။

အိုဆင်မန်သည် နာပိုလီအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။ 

 


READ NEXT
Cancel OK