ပြည်တွင်းထုတ် ငရုတ်သီးမှုန့်များ ပြည်ပတင်ပို့ရောင်းချရာတွင် လိုအပ်သည့် ပို့ကုန်လိုင်စင် လျှောက်ထားရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ပေးခြင်းကို ခေတ္တယာယီ ပိတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။
ပြည်တွင်းထုတ် ငရုတ်သီးမှုန့်များတွင် အသည်းကင်ဆာဖြစ်စေသော Aflatoxin မှိုအဆိပ်များပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ယင်းကုန်ပစ္စည်းများအား တစ်ပတ်အတွင်း ပြန်လည်သိမ်းယူရန် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လုပ်ငန်းရှင်များထံ ညွှန်ကြားထားပြီးဖြစ် ကြောင်း၊ ငရုတ်သီးမှုန့်များတွင် Aflatoxin မှိုအဆိပ်များ ပါဝင်နေခြင်းကြောင့် FDA က ထောက်ခံချက်ပေးခြင်းကို ယာယီပိတ်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။
“ငရုတ်သီးမှုန့်တွေ ပြည်ပတင်ပို့တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဌာနကလုပ်ပေးနေတဲ့ Export Recommendation ( ပို့ကုန်လိုင်စင် လျှောက်ထားရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်) ကို ယာယီပိတ်သိမ်း ဖို့ရှိနေပါတယ်။ မကြာခင် စာထုတ်မှာပါ။ ငရုတ်သီးမှုန့်တွေမှာ Aflatoxin မှိုပါနေတာကို ပြည်တွင်းမှာတောင် တော်တော်လုပ်ရဦးမှာပါ။ ငရုတ်သီးမှုန့်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒါကိုထုတ်မပေးသေးပါဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် စက်တင်ဘာလအတွင်းက ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များတွင် ခွင့်မပြုဆိုးဆေးများ၊ Aflatoxin များပါဝင်နေခြင်းရှိ၊ မရှိစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ခု၊ နေပြည်တော်နယ်မြေ အတွင်းရှိ ဈေးများမှ ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များကို ဈေးကွက်နမူနာကောက်ယူ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ဓာတ်ခွဲခန်းများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးကွက်နမူနာကောက်ယူခဲ့သော ငရုတ်သီးမှုန့်စုစုပေါင်း ၆၅၁ မျိုးရှိရာ ယင်းတို့အနက် Aflatoxin B1 ပါဝင်မှု ၃၈၇ မျိုး၊ ခွင့်မပြုဆိုးဆေး Rhodamine B ပါဝင်မှုနှစ်မျိုး စစ်ဆေးတွေ့ရှိထားပြီး ကျန်နမူနာများမှာ Aflatoxin B1 ပါဝင်မှုမရှိကြောင်း သိရသည်။
ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ငရုတ်သီးမှုန့်ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူ၊ စားသုံးသူများအား ပညာပေးအစီအစဉ်များတွင် ပါဝင်ကူညီပံ့ပိုးပေးရန်၊ ယခုကဲ့သို့ ဈေးကွက်ထောက်လှမ်း တွေ့ရှိမှုအပေါ် လုပ်ငန်းရှင်များက မိမိကုန်ပစ္စည်းအပေါ် မိမိကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ပေးရန်၊ ဈေးကွက်သို့ဖြန့်ဖြူးပြီး မိမိ၏ကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူရန်အတွက် သိမ်းယူမည့်အစီအစဉ် တင်ပြရန်၊ သိမ်းယူပြီး အခြေအနေအား ပြန်လည်တင်ပြရန်နှင့် သိမ်းယူပြီးပစ္စည်းများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ဆက်သွယ်သတင်းပို့ ဆောင်ရွက်ရန်တို့ကိုလည်း FDA က ပြောကြားထားပြီး ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
