Top News

၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် ဖြစ်ရပ်များ
24htopnews | November 20, 2024 8:13 AM CST

ကမ္ဘာကို မွှေနှောက်နေသည့် COVID-19 ကပ်ရောဂါ

အဆုတ်ရောင်ကူးစက်ရောဂါတစ်မျိုးကို နိုင်ငံအတွင်း လူအများအပြားကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များက ၂၀၁၉ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းတွင် သတိပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် ယင်းကူးစက်ရောဂါဖြင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုကူးစက်ရောဂါမှာ COVID-19 ဖြစ်သည်။

၂၀၂၀ မတ်လတွင် COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေညာခဲ့ပြီးနောက် တစ်လအကြာ၌ ကမ္ဘာ့နိုင်ငံအများအပြားတွင် Lockdown ချမှုများ ထွက်ပေါ်လာခဲ့သည်။ ကပ်ရောဂါကူးစက်ဖြစ်ပွားနေချိန် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ၄.၄ ရာခိုင်နှုန်းကျုံ့သွားခဲ့ပြီး အလုပ်အကိုင်နေရာများ မဆုံးရှုံးစေရေးအတွက် နိုင်ငံအများအပြားက စီးပွားရေးကယ်တင်မှုအစီအစဉ်ကို အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြသည်။ ၂၀၂၀ နိုဝင်ဘာတွင် ထိပ်တန်းဆေးကုမ္ပဏီအချို့က ၎င်းတို့၏ စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးများ၏ ထိရောက်မှုရလဒ်များကို ကြေညာခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ မက္ကဆီကို၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ တရုတ်တို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုများ စတင်နေကြပြီဖြစ်သည်။

အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီ သေဆုံးမှု

အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို အီရန်လိုလားသော ဆန္ဒပြသူများက စီးနင်းတိုက်ခိုက်ခဲ့ကြပြီးနောက် ရက်ပိုင်းအကြာ ဇန်နဝါရီ ၃ ရက်တွင် အီရတ်၌ လုပ်ဆောင်သော အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီ သေဆုံးခဲ့သည်။ ယင်းကို လက်တုံ့ပြန်သည့်အနေနှင့် အီရန်က အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ အခြေစိုက်စခန်းများဆီသို့ ဇန်နဝါရီ ၈ ရက်တွင် ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့သည်။ တစ်နေ့တည်းတွင်ပင် အီရန်သည် ယူကရိန်းခရီးသည်တင် လေယာဉ်ကို မှားယွင်းပစ်ချခဲ့မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၇၆ ဦးစလုံး သေဆုံးခဲ့သည်။ နိုဝင်ဘာလကုန်တွင် အီရန်ထိပ်တန်းနျူကလီးယားသိပ္ပံ ပညာရှင် မိုဆင်ဖာကရီဇာဒက် လုပ်ကြံခံရမှုကြောင့် တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့ပြီး အဆိုပါလုပ်ကြံမှုသည် အစ္စရေး၏လက်ချက်ဟု အီရန်က စွပ်စွဲထားသည်။

ဘရီဇစ် အဆုံးသတ်

၂၀၁၆ ခုနှစ် ဘရီဇစ် (Brexit) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ပြီးဆုံးသွားခဲ့ပြီး နောက် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်တွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂဘုံစျေးကွက်မှ နုတ်ထွက်ပြီး ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေး သဘောတူညီချက်ကို ခက်ခဲစွာ ရယူခဲ့ပြီးနောက် ဗြိတိန်သည် စာမျက်နှာသစ် ဖွင့်ရတော့မည်ဖြစ်သည်။

အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေးသဘောတူညီချက်

နှစ် ၂၀ နီးပါးကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ဖေဖော်ဝါရီ ၂၉ ရက်တွင် အမေရိကန်နှင့် တာလီဘန်စစ်သွေးကြွအဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူညီချက်အရ အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအားလုံးကို ၂၀၂၁ မေလ နောက်ဆုံးထား၍ အမေရိကန်က ရုပ်သိမ်းရမည်ဖြစ်သည်။ အာဖဂန်အစိုးရအဖွဲ့နှင့် တာလီဘန်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၂၀၂၀ စက်တင်ဘာတွင် စတင်ခဲ့သော်လည်း တာလီဘန်တို့က အာဖဂန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

တရုတ်အစိုးရပြဋ္ဌာန်းသော ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေ

ဟောင်ကောင်တွင် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်အကြာ ၂၀၂၀ ဇွန်တွင် တရုတ်အစိုးရက ဟောင်ကောင်၌ အမျိုးသား လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသော ဟောင်ကောင်လွှတ်တော်အမတ်များ ရာထူးမှ ထုတ်ပယ်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းတို့ရှိခဲ့သည်။

ထိုင်းပြည်သူတို့၏ ဆန္ဒပြမှုများ

ထိုင်းနိုင်ငံ၌ ၂၀၂၀ ဇူလိုင်လတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဒီမိုကရေစီအရေးဆန္ဒပြမှုများ ထွက်ပေါ်လာခဲ့ပြီး ၂၀၂ဝပြည့်နှစ်၏ ကျန်လများအားလုံးနီးပါးတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး၊ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးမှ နုတ်ထွက်ပေးရေးတို့ကို တောင်းဆိုဆန္ဒပြမှုများဖြင့် မတည်မငြိမ်ဖြစ်ခဲ့သည်။

ဂျော့ဖလွိုက် အသတ်ခံရမှုနှင့် Black Live Matter လှုပ်ရှားမှု

၂၀၂၀ မေ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မင်နီအာပိုလိစ်မြို့၌ လူဖြူရဲတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသားဂျော့ ဖလွိုက်သေဆုံးသွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် အမေရိကန်တစ်ဝန်းတွင် ဆန္ဒပြမှုများထွက်ပေါ်လာခဲ့ပြီး Black Live Matter လှုပ်ရှားမှုခေါင်းစဉ်ဖြင့် ကမ္ဘာတစ်ဝန်း၌ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ခဲ့သည်။

တောမီးလောင်မှုများနှင့် ဟာရီကိန်းမုန်တိုင်းများ

သြစတြေးလျတွင် Black Summer ဟု အမည်ပေးထားသည့် တောမီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင် အမေရိကန် ဆန်ဖရန်စစ္စကိုနှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသအများအပြားတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့သည်။ နိုဝင်ဘာလတွင် ဗဟိုအမေရိကသို့ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း နှစ်ခုဝင်ရောက်ခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။

ဘီလာရုစ်နိုင်ငံရေးအကျပ်အတည်း

သြဂုတ် ၉ ရက်က ကျင်းပခဲ့သော အငြင်းပွားဖွယ် ဘီလာရုစ်ရွေးကောက်ပွဲတွင် အာဏာရှင်သမ္မတ အလက်ဇန္ဒာလူကာရှင်ကို အနိုင်ရခဲ့ပြီးနောက် နိုင်ငံအတွင်း အစိုးရဆန့်ကျင်ဆန္ဒပြမှုများ လေးလကြာ ဖြစ်ပွားခဲ့သည်။

အစ္စရေး၏မိတ်ဆွေသစ်များ

၂၀၂၀ စက်တင်ဘာ ၁၅ ရက်တွင် ယူအေအီး၊ ဘာရိန်းက အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ခဲ့သည်။ ယင်းလုပ်ဆောင်မှုကို ပါလက်စတိုင်းတို့က ရှုတ်ချခဲ့သည်။ ယူအေအီး၊ ဘာရိန်းနှင့် အစ္စရေးတို့၏ ပုံမှန်ဆက်ဆံရေး ထူထောင်မှုတွင် ဆူဒန်နိုင်ငံကလည်း ပူးပေါင်းပါဝင်နေကြောင်း အောက်တိုဘာလတွင် သမ္မတဒေါ်နယ်ထရန့်က ကြေညာခဲ့သည်။ အနောက်ဆာဟာရကို ပိုင်ဆိုင်ကြောင်း မော်ရိုကို၏ ကြေညာချက်အား အမေရိကန်က အသိအမှတ်ပြုခဲ့မှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မော်ရိုကိုသည် ဒီဇင်ဘာ ၁၀ ရက်တွင် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့သည်။

နာဗာညီ အဆိပ်ခတ်ခံရမှု

ရုရှားအတိုက်အခံခေါင်းဆောင် အဲလက်ဇီ နာဗာညီသည် မော်စကိုသို့ ပျံသန်းထွက်ခွာလာသည့် ပြည်တွင်း လေကြောင်းခရီးစဉ်တွင် လက်ဖက်ရည် သောက်သုံးခဲ့ပြီးနောက် အပြင်းအထန်နာမကျန်းဖြစ်ခဲ့ကာ သတိလစ်မေ့မြောသွားခဲ့ခြင်းကြောင့် ၎င်းအား ဆေးကုသမှုပေးရန် ဘာလင်သို့ ပို့ဆောင်ခဲ့ရသည်။ ဆေးစစ်စမ်းသပ်မှုအရ နာဗာညီသည် ဆိုဗီယက်ခေတ်လုပ် အာရုံကြောထိခိုက်ပျက်စီးစေသည့် နိုဗီချော့ အဆိပ်ဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဘာလင်ဆေးရုံက ထုတ်ပြန်ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်းအား သတ်ဖြတ်ရန် ကြိုးပမ်းနေကြောင်း နာဗာညီက စွပ်စွဲထားသည်။

တရုတ်- အမေရိကန် တင်းမာမှုများ

COVID-19 ရောဂါကို သမ္မတထရန့်က တရုတ်ဗိုင်းရပ်စ်ဟု ခေါ်ဆိုခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း၌ လူအများအပြားသေဆုံးခဲ့ရမှုအတွက် တရုတ်တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းနှင့်အတူ ၂၀၂၀ ပြည့်နှစ်သည် အမေရိကန်-တရုတ်ဆက်ဆံရေး အဆိုးရွားဆုံးကျဆင်းသည့်နှစ်ဟု ရှုမြင်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံ ရှင်ကျန်းဒေသ၌ ဝီဂါလူနည်းစုများအား ဖိနှိပ်မှု၊ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းမှုတို့နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားအချင်းများမှုများလည်း ဖြစ်ပွားခဲ့သည်။

ထရန့်ကို အနိုင်ရခဲ့သည့် ဘိုင်ဒင်

ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒင်နှင့် ရီပက်ဘလီကင်ပါတီဝင် သမ္မတဒေါ်နယ်ထရန့်တို့အကြား အားပြိုင်ခဲ့သော နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲလာရောက်ပေးသူ အမေရိကန်နိုင်ငံသား အရေအတွက် စံချိန်တင်ခဲ့သည်။ မဲရလဒ်ကို လေးရက်ကြာ ရေတွက်ခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က မဲအရေအတွက် ခုနစ်သန်းဖြင့် အနိုင်ရခဲ့သည်။ မဲမသမာမှုများရှိကြောင်း သမ္မတထရန့်က အထောက်အထားမပြဘဲ စွပ်စွဲပြောကြားခဲ့ပြီး ရွေးကောက်ပွဲတွင် ၎င်း၏ရှုံးနိမ့်မှုကို ယခုအချိန်ထိ ဝန်မခံသေးပေ။

ဘေရွတ်ပေါက်ကွဲမှု

၂၀၂၀ သြဂုတ် ၄ ရက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းမြို့၌ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ရာ မြို့တော်ရှိနေရာအများအပြားတွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ပေါက်ကွဲမှုအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၆၅၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အမိုနီယမ်နိုက်ထရိတ် ဓာတ်မြေသြဇာသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ရပ်ကြောင့် လက်ဘနွန်အစိုးရအဖွဲ့အပေါ် ပြည်သူများ၏ ယုံကြည်မှု ကျဆင်းလာခဲ့သည်။

နာဂေါ်နိုကာရာဘက် ငြိမ်းချမ်းရေးသဘောတူညီချက်

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဇာဘိုင်ဂျန် လက်လွှတ်ခဲ့ရသည့် နာဂေါ်နိုကာရာဘက်ဒေသ၌ အာမေးနီးယန်းခွဲထွက်ရေးသမားများနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များအကြား ၄၅ ရက်ကြာတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည်။ ရုရှား၏ကြားဝင်ညှိနှိုင်းမှုဖြင့် နိုဝင်ဘာ ၉ ရက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပြီး ယင်းသဘောတူညီချက်အရ အာမေးနီးယားပြည်သူများသည် ၎င်းတို့နေထိုင်ရာ နာဂေါ်နို ကာရာဘက်၏ နယ်မြေအများအပြားကို အဇာဘိုင်ဂျန်ထံ ပေးအပ်ရမည်ဖြစ်သောကြောင့် အာမေးနီးယားနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အီသီယိုးပီးယား၏ တီဂရေးပဋိပက္ခ

အီသီယိုးပီးယားမြောက်ပိုင်း တီဂရေးဒေသတွင် ဖက်ဒရယ်စစ်တပ်စခန်းများ တိုက်ခိုက်ခံရမှုအတွက် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ကို လက်တုံ့ပြန်တိုက်ခိုက်ရန် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အီသီယိုး ပီးယားဝန်ကြီးချုပ် အဘီအာမက်က စစ်တပ်ကို အမိန့်ပေးခဲ့သည်။ ဖက်ဒရယ်အစိုးရတပ်ဖွဲ့များသည် တီဂရေးဒေသ၏ မြို့တော်ကို နိုဝင်ဘာ ၂၈ ရက်တွင် သိမ်းယူခဲ့သည်။


READ NEXT
Cancel OK