Top News

COVID-19 ကပ်ရောဂါသည် နောက်ဆုံး မဟုတ်ဟု WHO အကြီးအကဲ ပြောကြား 
24htopnews | November 20, 2024 8:13 AM CST

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် နောက်ဆုံးဖြစ်ပွားသည့် ကပ်ရောဂါ မဟုတ်ဘဲ ရာသီဥတု ပြောင်းလဲမှုများနှင့် တိရစ္ဆာန်များကို စောင့်ရှောက်ထိန်းသိမ်းမှု မရှိလျင် လူ့ကျန်းမာရေး ထိခိုက်စေနိုင်သည့် ခြိမ်းခြောက်မှုများစွာ ကြုံတွေ့ရနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက ဒီဇင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။

ကပ်ရောဂါကာလအတွင်း ငွေကြေးအမြောက်အများ သုံးစွဲနေကြပြီး ရေရှည်အတွက် ထည့်သွင်း မစဉ်းစားဘဲ ပြင်ဆင်မှုမရှိသည့် စက်ဝန်းအတွင်း လည်ပတ်နေခြင်းသည် အန္တရာယ်ရှိသည့် အလားအလာ ဖြစ်သည်ဟု တက်ဒရိုက ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့ ဖြစ်သည့် ဒီဇင်ဘာ ၂၇ ရက်တွင် ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါမှ သင်ခန်းစာယူရမည့် အချိန်ဖြစ်သည်ဟု ၎င်းကဆိုသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကမ္ဘာကြီးဟာ ကြောက်စိတ်တွေ၊ လျစ်လျူရှုမှုတွေနဲ့ သံသရာလည်နေကြတယ်” ဟု ပြောကြားခဲ့သည်။

“ကပ်ရောဂါကာလအတွင်းမှာ ကျွန်တော်တို့တွေ ငွေကြေးအများအပြား သုံးနေကြတယ်။ ကပ်ရောဂါလည်း ပြီးသွားရော အဲ့ဒါနဲ့ ပတ်သက်သမျှ အားလုံးကို ကျွန်တော်တို့တွေ မေ့သွားကြတယ်။ နောက် ကျရောက်လာမယ့် ကပ်ရောဂါအတွက် ဘာပြင်ဆင်မှုမှ မလုပ်ကြဘူး။ ဒါဟာ ရေရှည်အတွက် များစွာ အန္တရာယ်ရှိပြီး ပွင့်ပွင့်လင်းလင်းပြောရရင် နားလည်ရခက်ပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု စောင့်ကြည့်ရေးဘုတ်အဖွဲ့၏ ၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ ထုတ်ပြန်သော ကမ္ဘာတစ်ဝန်း ကျန်းမာရေး အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ပထမဆုံး နှစ်စဉ်အစီရင်ခံစာတွင်မူ အလားအလာရှိသည့် ဆိုးရွားသော ကပ်ရောဂါများအတွက် ကမ္ဘာတစ်ဝန်းတွင် ကြိုတင်ပြင်ဆင်မှုများ မရှိကြောင်း ဖော်ပြခဲ့သည်။ ယင်းအစီရင်ခံစာကို ကပ်ရောဂါ စတင်မပေါ်ပေါက်မီ လအနည်းငယ်အလိုက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဒါဟာ နောက်ဆုံး ကပ်ရောဂါ မဟုတ်ဘူး ဆိုတာကို သမိုင်းက ကျွန်တော်တို့ကို ပြောပြနေပါတယ်။ ကူးစက်ရောဂါတွေဟာ လောကရဲ့ ဓမ္မတာတရားပါပဲ”ဟု တက်ဒရိုက ဆိုသည်။

“ကပ်ရောဂါဟာ လူ့ကျန်းမာရေး၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာမြေကြီးကြား နီးကပ်တဲ့ ဆက်နွှယ်မှု ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြနေတဲ့ အရာဖြစ်ပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“လူသားတွေနဲ့ တိရစ္ဆာန်တွေကြား အရေးပါတဲ့ ကြားခံဆက်သွယ်မှုတွေနဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်လုပ်ဆောင်မှု မရှိဘူးဆိုရင် လူ့ကျန်းမာရေးကို ထိခိုက်မှု ရှိလာစေနိုင်တဲ့ သက်ရောက်မှုတွေ ပိုမိုများပြားလာလိမ့်မယ်” ဟုလည်း တက်ဒရိုက သတိပေးခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက စတင် ပေါ်ပေါက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၁.၇၅ သန်းထက်မနည်း သေဆုံးခဲ့ပြီး လူသန်း ၈၀ နီးပါး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံအားလုံးသည် လာမည့် ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများကို ရင်းနှီးမြှုပ်နှံသင့်ပြီး ကဏ္ဍမျိုးစုံတွင် အရေးပေါ်အခြေအနေ လျှော့ချနိုင်ရန်နှင့် အခြေခံကျန်းမာရေး စောင့်ရှောက်စနစ်မှု အားကောင်းလာစေရန် လုပ်ဆောင်ထားသင့်သည်ဟု တက်ဒရိုက တိုက်တွန်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK