Top News

၂၀၂၈ ခုနှစ်တွင် တရုတ်သည် အမေရိကန်ကို ကျော်တက်၍ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာတစ်ရပ်တွင် ခန့်မှန်း
24htopnews | November 20, 2024 8:13 AM CST

၂၀၂၈ ခုနှစ်သို့ ရောက်ရှိလာချိန်တွင် တရုတ်သည် အမေရိကန်ကို ကျော်တက်၍ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဗြိတိန်အခြေစိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သုတေသနဗဟိုဌာန (CEBR) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ခန့်မှန်းထား သည်။

ယခင်ခန့်မှန်းချက်၌ ၂၀၃၃ ခုနှစ်တွင် တရုတ်သည် အမေရိကန်ကို ကျော်တက်၍ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ဖြစ်လာမည်ဟု ဖော်ပြခဲ့သော်လည်း COVID-19 ကပ်ရောဂါ၏ ဖိစီးနှိပ်စက်မှုဒဏ်မှ စီးပွားရေး ပြန်လည်နာလန်ထူရာတွင် တရုတ်နှင့် အမေရိကန်အကြား ကွဲပြားခြားနားမှုများ ရှိနေခြင်းကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သော ယခုအစီရင်ခံစာ၌ ခန့်မှန်းချက်ကို ငါးနှစ်စော၍ ၂၀၂၈ ခုနှစ်ဟု ဖော်ပြခဲ့သည်။

ကာလအပိုင်းအခြားအချို့တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဆက်စပ်နှီးနွှယ်နေသော အကြောင်းအရာများသည် အမေရိကန်နှင့် တရုတ်အကြား စီးပွားရေးအရ၊ အာဏာပျော့အရ ကြိုးပမ်းယှဉ်ပြိုင်နေကြမှုများ ဖြစ်ခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ် ဖြစ်ပွားသော စီးပွားရေးထိခိုက်မှုတို့သည် နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကို အရှိန်လျော့ကျစေခဲ့ပြီး တရုတ်သည် အကျိုးအမြတ်များ ရရှိခဲ့ကြောင်း CEBR ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

တင်းကျပ်သော lockdown ချမှတ်မှုကို စောစီးစွာ လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် တရုတ်၏ ကျွမ်းကျင်လိမ္မာမှု၊ အနောက်နိုင်ငံများတွင် COVID-19 ကပ်ရောဂါကြောင့် ကာလရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နေမှုတို့က တရုတ်၏ စီးပွားရေးစွမ်းပကားကို သိသိသာသာ တိုးတက် ဖြစ်ထွန်းစေခဲ့ကြောင်း CEBR က ဆိုသည်။

၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၅ ရာခိုင်နှုန်းသို့ အရှိန်လျော့ကျမသွားမီ ၂၀၂၁  ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၅.၇ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ရန် တရုတ်က ရည်မှန်းထားသည်။

အမေရိကန်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ကပ်ရောဂါအလွန် စီးပွားရေး တိုးတက်မှု အားကောင်းသောအခြေအနေကို ရရှိလာနိုင်ဖွယ် ရှိသော်လည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းတွင်မူ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတက်မှုသည် တစ်နှစ်လျှင် ၁.၉ ရာခိုင်နှုန်းသို့ အရှိန်လျော့ကျသွားလိမ့်မည် ဖြစ်ကာ ထိုကာလ နောက်ပိုင်းတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တစ်နှစ်လျှင် ၁.၆ ရာခိုင်နှုန်းသို့ လျော့ကျနိုင်ဖွယ် ရှိနေသည်။

၂၀၃၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလ မတိုင်မီအထိ ဂျပန်သည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး တတိယမြောက်နိုင်ငံအဖြစ် ရပ်တည်နေလိမ့်ဦးမည် ဖြစ်သော်လည်း ၂၀၃၀ ပြည့်လွန်နှစ်များတွင်မူ အိန္ဒိယက ဂျပန်ကို ကျော်တက်၍ စီးပွားအင်အားအကြီးဆုံး တတိယမြောက်နိုင်ငံအဖြစ် ရပ်တည်နိုင်ဖွယ်ရှိပြီး ဂျာမနီနိုင်ငံကို စတုတ္ထနေရာမှ ပဥ္စမနေရာသို့ ကျဆင်းဖွယ်ရှိသည်။

CEBR ၏ ခန့်မှန်းမှုအရ လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ပဥ္စမမြောက်နိုင်ငံအဖြစ် ရပ်တည်နေသော ဗြိတိန်သည် ၂၀၂၄ ခုနှစ်တွင် ဆဋ္ဌမနေရာသို့ ကျဆင်းနိုင်ဖွယ် ရှိသည်။ သို့ရာတွင် ပိုမိုအရေးပါလာသော ဒီဂျစ်တယ်စီးပွားရေး၌ ဗြိတိန်ဦးဆောင်နေမှုကြောင့် ဗြိတိန်၏ GDP သည် ၂၀၃၅ ခုနှစ်တွင် ပြင်သစ်၏ GDP ထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း CEBR က ခန့်မှန်းခဲ့သည်။


READ NEXT
Cancel OK