Top News

COVID-19 ကြောင့် ပြောင်းလဲခဲ့သည့် ၂၀၂၀
24htopnews | November 20, 2024 8:13 AM CST

ကမ္ဘာတစ်ဝန်းတွင် နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကို ကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲများကို လှပသည့် မီးရှုးမီးပန်း ပစ်ဖောက်မှုများ၊ ပါတီပွဲများဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ်တွင်မူ အနည်းငယ် တိတ်ဆိပ်ခြောက်ကပ်နေမည်ဖြစ်သည်။

ပြီးခဲ့သည့် ၁၂ လတာကာလကို ပြန်ကြည့်ရမည်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို တုံ့ဆိုင်းသွားစေခဲ့ပြီး လူ့အသိုင်းအဝိုင်းကို ထိခိုက်စေခဲ့ကာ လူပေါင်း ၄ ဘီလျံခန့်ကို ၎င်းတို့၏ နေအိမ်အတွင်း၌သာ ပိတ်မိနေစေခဲ့သည်။

ကပ်ရောဂါသည် ဒုတိယကမ္ဘာ စစ်နောက်ပိုင်း မျိုးဆက်တစ်ဆက်အတွက် မည်သည့်အခါမှမကြုံဖူးသည့် ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့သည်။

လူပေါင်း ၁.၆ သန်းကျော် သေဆုံးခဲ့သည်။ ၇၂ သန်းထက်မနည်း ရောဂါကူးစက်ခံခဲ့ရသည်ဟု စာရင်းများတွင် ဖော်ပြနေသော်လည်း အမှန်တကယ်ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ပိုမိုများပြားနေနိုင်သည်။

ကလေးသူငယ်များ မိဘမဲ့သွားခဲ့ကြသည်။ အဖိုး၊ အဖွားများကို ဆုံးရှုံးခဲ့ရသည်။ ရောဂါကူးစက်မှုအန္တရာယ် မြင့်မားမှုကြောင့် ဆေးရုံတွင် အထီးကျန်စွာ အသက်ဆုံးရှုံးခဲ့သူများ ရှိခဲ့သည်။

“ ကပ်ရောဂါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို တစ်သက်မှာ တစ်ခါသာ ကြုံတွေ့ရနိုင်ဖွယ်ရှိတဲ့ မကြုံစဖူး အတွေ့အကြုံတွေကို ပေးခဲ့ပါတယ်” ဟု ယေးလ်ပြည်သူ့ကျန်းမာရေးကျောင်းမှ မဟာဌာနမှူးဖြစ်ပြီး ကူးစက်ရောဂါဆိုင်ရာ ပညာရှင် စတန်းဗားမန်းက ပြောကြားခဲ့သည်။

“ ကျွန်တော်တို့အားလုံးဟာ အခုလိုကပ်ရောဂါမျိုးကို တစ်ခါမှ မကြုံခဲ့ရဖူးပါဘူး” ဟု ဗားမန်းက ပြောကြားခဲ့သည်။

COVID-19 သည် ကမ္ဘာ့သမိုင်းတွင် လူသေဆုံးမှုအများဆုံး ကပ်ရောဂါတစ်ခုတော့ မဟုတ်ပေ။ ၁၄ ရာစုက ဖြစ်ပွားခဲ့သည့် ပလိပ်ကပ်ရောဂါကြောင့် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ သေဆုံးခဲ့သည်။

၁၉၁၈-၁၉ ခုနှစ်တွင် စပိန်တုတ်ကွေးဖြစ်ပွားခဲ့ပြီး လူသန်း ၅၀ ထက်မနည်း သေဆုံးခဲ့သည်။ AIDS ရောဂါကြောင့် လူပေါင်း ၃၃ သန်းခန့် အသက်ဆုံးရှုံးခဲ့သည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုသည် အချိန်မှား၊ နေရာမှားတွင် အသက်ရှုနေရသကဲ့သို့ဖြစ်နေသည်။

“ ကျွန်တော်ဟာ ငရဲတံခါးဝကို ရောက်ပြီးမှ ပြန်လှည့်လာခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့ တစ်ခြားသူတွေ ရောဂါပြန်သက်သာလာပြီး သေဆုံးသွားတာကို ကျွန်တော့်မျက်လုံးနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒီမြင်ကွင်းတွေဟာ ကျွန်တော့်စိတ်ကို ကြီးမားတဲ့ သက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်” ဟု ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံတွင် ၁၇ ရက်ကြာ ဆေးဝါးကုသမှုခံယူခဲ့ရသည့် အသက် ၄၄ နှစ်အရွယ် ဝမ်ချွန်ဟွေးက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်က တရုတ်အာဏာပိုင်များသည် အမျိုးအမည် မသိရသည့် အဆုတ်ရောင် ကူးစက်ရောဂါတစ်မျိုးခံစားနေရသူ ၂၇ ဦး ရှိသည်ဟု ကြေညာခဲ့ချိန်ကတည်းက ကပ်ရောဂါ၏ အတိမ်အနက်ကို ခန့်မှန်းပြီး ထိတ်လန့်မှုများရှိခဲ့ကြသည်။

ယင်းသို့ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် အာဏာပိုင်များသည် ကနဦး ရောဂါကူးစက်ပျံ့နှံ့သည့် ဝူဟန်မြို့ရှိ သားငါးစျေးကို လျှို့ဝှက်စွာ ပိတ်ပစ်ခဲ့သည်။

ဇန်နဝါရီ ၇ ရက်တွင်မူ တရုတ် အရာရှိများက ၎င်းတို့သည် 2019-nCoV ဟုခေါ်သည့် ဗိုင်းရပ်စ် အသစ်တစ်မျိုးကို စိစစ်တွေ့ရှိခဲ့ ကြေညာခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ဝူဟန်၌ ပထမဆုံး သေဆုံးမှုကို ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အာရှ၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့တွင် ရောဂါကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။

ဇန်နဝါရီလကုန်တွင်မူ နိုင်ငံအများအပြားသည် တရုတ်နိုင်ငံရှိ ၎င်းတို့နိုင်ငံသားများကို လေယာဉ်ဖြင့် ရွှေ့ပြောင်းခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် နယ်စပ်များကို စတင်ပိတ်ဆို့လာခဲ့ပြီး ဝူဟန်မြို့တည်ရှိသည့် ဟူဘေးပြည်နယ်တွင် လူပေါင်း သန်း ၅၀ ကျော် ကွာရန်တင်းဝင်ခဲ့ရသည်။

ရောဂါအသစ်နှင့် Lockdown

ဝူဟန်မြို့ ပရိဘောဂဆိုင်အပြင်ဘက်တွင် နှာခေါင်းစည်း ဝတ်ဆင်ထားပြီး ပလပ်စတစ်အိပ်ကို ကိုင်ထားသည့် အမျိုးသားတစ်ဦးသည် ပက်လက်အနေအထားဖြင့်လဲကျ သေဆုံးနေသည့် အေအက်ဖ်ပီ သတင်းဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက်ပိုင်း ဝူဟန်မြို့အတွင်း ထိတ်လန့်ကြောက်ရွံ့စိတ်များမှာ အရှိန်မြင့်လာခဲ့သည်။

ယင်းအချိန်က အေအက်ဖ်ပီသည် ယင်းအမျိုးသားသေဆုံးမှု၏ အကြောင်းရင်းကို အတည်မပြုနိုင်ခဲ့ပေ။ ထို့ပြင် Diamond Princess အမည်ရှိ အပျော်စီးသင်္ဘောကြီးပေါ်တွင် ရောဂါကူးစက်ခံရသူ ၇၀၀ ကျော်ရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့သည့် အခြေအနေများက ကြောက်ရွံ့မှုကို မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့သည်။

ကမ္ဘာတစ်ဝန်း ထိတ်လန့်ကြောက်ရွံ့ခဲ့ကြချိန်တွင် ဆေးကုမ္ပဏီကြီးများသည်လည်း ကာကွယ်ဆေးများကို ထုတ်လုပ်ရန် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြသည်။ ဂျာမနီနိုင်ငံမှ သေးငယ်သည့် ဇီဝနည်းပညာကုမ္ပဏီဖြစ်သည့် BioNTech သည် ၎င်းတို့ လုပ်လက်စကင်ဆာ သုတေသနကို ဘေးချိတ်ပစ်ခဲ့ကာ “ အလင်း၏ အလျင်” (Speed of Light) ဟူသည့်အမည်ဖြင့် အခြားစီမံကိန်းတစ်ရပ် စတင်ခဲ့သည်။

AP

ဖေဖော်ဝါရီ ၁၁ ရက်တွင်မူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ယင်းရောဂါကို COVID-19 ဟူ၍ အမည်သတ်မှတ်ခဲ့သည်။ လေးရက်အကြာတွင် ပြင်သစ်၌ ယင်းရောဂါဖြင့်သေဆုံးသူတစ်ဦးရှိခဲ့ပြီး အာရှအပြင်ဘက်တွင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုဖြစ်ခဲ့သည်။ အီတလီနိုင်ငံမြောက်ပိုင်းသည် ရောဂါကူးစက်ဖြစ်ပွားရာ နေရာအဖြစ် ပြောင်းလဲခဲ့သဖြင့် ဥရောပသည့် ကြောက်ရွံ့ထိတ်လန့်မှုကို ထိုင်ကြည့်ခဲ့ရသည်။

“ ကပ်ရောဂါဟာ စစ်ပွဲထက် တောင်ဆိုးရွားပါတယ်။ ၂၀၂၀ မှာ ဒီလိုကပ်ရောဂါကြီးဖြစ်လိမ့်မယ်လို့ တွေးတောင်တွေးမိကြမှာ မဟုတ်ပါဘူး” ဟု ဗိုင်းရပ်စ်ကြောင့် ၂၅ ရက်အတွင်း လူ ၃၆ ဦးသေဆုံးခဲ့သည့် လွမ်ဘာဒီဒေသမှ ဗာတိုဗာမြို့တော်ဝန် အော်လန်ဒို ဂွာဒီက ပြောကြားခဲ့သည်။

ပထမတွင် အီတလီ၊ ထို့နောက် စပိန်၊ ပြင်သစ်နှင့် ဗြိတိန်တို့သည့် Lockdown များအောက် ရောက်ရှိသွားခဲ့သည်။

WHO သည် COVID-19 ကို ကပ်ရောဂါအဖြစ်ကြေညာခဲ့သည်။ အမေရိကန်နယ်စပ်များ၊ တရုတ်နှင့်နီးသည့် နယ်စပ်များနှင့် ဥရောပနယ်စပ်များ ပိတ်ခဲ့သဖြင့် ငြိမ်းချမ်းနေသည့်အချိန်ကာလမျိုးတွင် နွေရာသီအိုလံပစ်ကို ပထမဆုံးအကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

ဧပြီလလယ်ပိုင်းတွင် လူဦးရေ ၃.၉ ဘီလျံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည့် Lockdown များ အောက်သို့ ရောက်ရှိသွားခဲ့သည်။

ပါရီမှ နယူးယောက်၊ ဒေလီမှ လားဂို့စ်နှင့် လန်ဒန်မှ ဗျူနိုအေးရိစ်အထိ လမ်းများပေါ်တွင် လူသူကင်းမဲ့ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်များ၏ ဥသြသံများကသာ လွှမ်းမိုးခဲ့သည်။

သိပ္ပံပညာရှင်များကမူ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ဆယ်စုနှစ်များအထိ သက်ရောက်နိုင်သည်ဟု သတိပေးခဲ့သော်လည်း နားထောင်သူ အနည်းငယ်မျှသာ ရှိခဲ့သည်။

ချမ်းသာသည့်နိုင်ငံအချို့သည် မမြင်ရသည့် ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် ဆင်းရဲသည့်နိုင်ငံများကို မျက်နှာလွှဲထားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် ရောင်းအားကွင်းဆက်မှာ ရပ်တန့်သွားခဲ့သည်။

စူပါမားကက်များတွင် ကုန်ပစ္စည်းများကို ကြောက်လန့်တကြား ဝယ်ယူစုဆောင်းမှုများရှိခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုတွင် ရင်းနှီးမြှပ်နှံမှုအားနည်းသည့် နိုင်ငံများတွင် ကပ်ရောဂါ၏ ထိချက်ပြင်းခဲ့သည်။

မေလတွင် ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်တွင် လူပေါင်း သန်း ၂၀ ခန့် အလုပ်အကိုင်ဆုံးရှုံးခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကြီး ဖြစ်လာနိုင်ကာ ၂၀၂၁ ခုနှစ်တွင် လူပေါင်း သန်း ၁၅၀ ခန့်သည် အလွန်အမင်းဆင်းရဲမွဲတေမှုကို ကြုံတွေ့ရနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။

အမေရိကန်တွင် ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိမှုဆိုင်ရာ စီမံကိန်းတစ်ခုဖြစ်သည့် Operation Warp Speed ကို အစိုးရက ဒေါ်လာ ၁၁ ဘီလျံဖြင့် စတင်ထူထောင်ခဲ့သည်။ ယင်းအစီအစဉ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဏုမြူဗုံး တီထွင်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း ထရန့်က ပြောခဲ့သည်။

ထို့နောက် ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေးများ ထုတ်လုပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြပြီး ဒီဇင်ဘာလတွင် ဗြိတိန်နိုင်ငံသည် အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် ကာကွယ်ဆေးကို အများပြည်သူ အသုံးပြုခွင့်ပေးခဲ့သည့် ပထမဆုံး အနောက်နိုင်ငံဖြစ်လာခဲ့သည်။

သိပ်မကြာခင်အချိန်မှာပင် အမေရိကန်သည် ဗြိတိန်၏လမ်းကြောင်းအတိုင်းလိုက်ခဲ့ပြီး ကာကွယ်ဆေးများကို အတည်ပြုခဲ့ကာ ဥရောပတွင်မူ ယခုလကုန်ပိုင်းတွင် အတည်ပြုဖွယ်ရှိနေသည်။

ချမ်းသာသည့်နိုင်ငံများသည် ကာကွယ်ဆေးများသိမ်းကျုံးဝယ်ယူနေသဖြင့် ၂၀၂၁ ခုနှစ်တွင် တရုတ်နှင့် ရုရှားတို့သည် စျေးနှုန်းသက်သာသည့် ၎င်းတို့၏ ကာကွယ်ဆေးများကို အကြောင်းပြုကာ သြဇာလွှမ်းမိုးမှုများကို မြှင့်တင်ဖွယ်ရှိနေသည်။

အချို့ကမူ ကာကွယ်ဆေးရရှိသည့်တိုင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ ယာဉ်ကျေးမှု၊ အားကစားနှင့် ဖျော်ဖြေရေးကဏ္ဍတို့အပါအဝင် အပျောက်စီးသင်္ဘောလုပ်ငန်းများသည် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို ခံရနိုင်သည်ဟု ဟောကိန်းထုတ်ထားသည်။

ကမ္ဘာစီးပွားရေးသည်လည်း ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းထက်ဆိုးရွားစွာ ကျဆင်းနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့သည်။

“COVID-19 ဟာ ကျွန်တော်တို့ကိုပြင်းထန်စွာလာရိုက်ခတ်တဲ့ လှိုင်းလုံးကြီးတစ်ခုပါ။ အဲဒီလှိုင်းကြီး ပြီးရင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးမှုဆိုတဲ့ ဆူနာမီ လှိုင်းလုံးကြီးက ထပ်လာပါလိမ့်ဦးမယ်” ဟု သိပ္ပံပညာရှင်တစ်ဦး ဖြစ်သည့် လူးဝစ်ဒါ့တ်နဲလ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK