Top News

ပြည်တွင်း၌ ဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သဖြင့် ဂုဏ်ယူကြောင်း WHO ၏ စုံစမ်းစစ်ဆေးမှုများ မစတင်မီ တရုတ်ပြောကြား
24htopnews | November 20, 2024 8:13 AM CST

COVID-19 ၏ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့သည် တရုတ်နိုင်ငံသို့ ရောက်ရှိမလာမီအချိန်တွင် ပြည်တွင်း၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အလွန်ထူးခြားသည့် အောင်မြင်မှုများ ရရှိခဲ့သည်ဟု တရုတ်အာဏာရ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များက ၎င်းတို့ကိုယ်ကိုယ် ချီးကျုးဂုဏ်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ဝူဟန်မြို့တွင် ဗိုင်းရပ်စ်စတင် ပျံ့နှံ့ခဲ့ချိန်က ၎င်း၏ထိန်းချုပ်မှုအပေါ် ပြည်တွင်း၊ ပြင်ပ၏ ဝေဖန်မှုများကို ခံခဲ့ရသည်။

ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်များချမှတ်သည့် ထိပ်သီးအဖွဲ့ဖြစ်သည့် ပေါ်လစ်ဗျူရိုကမူ ယခုနှစ်အတွင်း ကြုံတောင့်ကြုံခဲ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို အနိုင်ယူခဲ့မှုတွင် ပါတီခေါင်းဆောင်ပိုင်းများက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“အတိမ်းအစောင်းမခံနိုင်တဲ့ အခိုက်အတန့်မျိုးမှာ ပါတီဗဟိုကော်မတီဟာ ရေရှည်တွေးခေါ် မြော်မြင်မှုနဲ့အတူ ထူးခြားပြီး ပုံမှန်မဟုတ်တဲ့ အခုနှစ်ထဲမှာ အလွန့်အလွန် အံ့မခန်း အောင်မြင်မှုကို ရရှိခဲ့ပါတယ်” ဟု ကွန်မြူနစ်ပါတီ၏ နှစ်ရက်ကြာ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကျယ်ပြန့်စွာ ထိန်းချုပ်ခဲ့ပြီး ယခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည့် စီးပွားရေးအင်အားကြီး နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။သို့သော်လည်း ဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားခဲ့သည့် အစောပိုင်း အချိန်များတွင် အခြေအနေကို ဖုံးကွယ်ထားသဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့စေခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ပေကျင်းသည် ပြည်တွင်း ဝေဖန်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် သတင်းပေးဖော်ထုတ်သူ ရှစ်ဦးကို အရေးယူခဲ့သည်။

ဝူဟန်မြို့၏ ရောဂါကူးစက်မှုများကို သတင်းရေးခဲ့မှုကြောင့် မေလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် တရုတ်ဂျာနယ်လစ် ကျန်းကျန့်သည် ဒီဇင်ဘာ ၂၈ ရက်တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။

ရှေ့နေဟောင်း တစ်ဦးဖြစ်သည့် ကျန်းသည် ဖေဖော်ဝါရီလက ရောဂါကူးစက်မှုများ စတင်ဖြစ်ပွားနေသည့် အခြေအနေများကို သတင်းရယူရန် ဝူဟန်သို့ သွားရောက်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည့် လူမှုမီဒီယာများတွင် မျှဝေမှုများ အများအပြားရှိခဲ့ပြီး ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

COVID-19 ၏ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် WHO ၏ ကျွမ်းကျင်သူများပါဝင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် တရုတ်နိုင်ငံသို့ ရောက်ရှိမလာမီ ပေါ်လစ်ဗျူရိုက နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့တွင် ပါဝင်သည့် ကျွမ်းကျင်သူ တစ်ဦးကမူ COVID-19 ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုသည် အပြစ်ရှိသည့်နိုင်ငံ သို့မဟုတ် အပြစ်ရှိသည့် အာဏာပိုင်အဖွဲ့ကို ရှာဖွေခြင်း မဟုတ်ဘဲ ရောဂါနှင့် ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို နားလည်သဘောပေါက်ရန်နှင့် အနာဂတ်တွင် ယင်းကဲ့သို့ ဖြစ်ရပ်များကို ရှောင်လွှဲရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK