Top News

ဗြိတိန်နှင့် ဥရောပသမဂ္ဂကြား Brexit အလွန် ကုန်သွယ်ရေး သဘောတူညီမှုရရှိ
24htopnews | November 20, 2024 8:13 AM CST

ဗြိတိန်နှင့် ဥရောပသမဂ္ဂကြား Brexit အလွန် ကုန်သွယ်ရေး သဘောတူညီမှုနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၁၀ လကြာ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် ကုန်သွယ်ရေး သဘောတူညီမှု ရရှိခဲ့သည်။

နှစ်သစ်ကူးကာလတွင် ဥရောပသမဂ္ဂ၏ တစ်ခုတည်းသော စျေးကွက်အတွင်းမှ ထွက်ခွာချိန်တွင် ဗြိတိန်အနေဖြင့် ကုန်သွယ်ရေးတွင် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်များနှင့် ကြုံတွေ့ရတော့မည် မဟုတ်ပေ။

“ကျွန်တော်တို့ရဲ့ ဥပဒေတွေနဲ့ ကျွန်တော်တို့ရဲ့ ကံတရားကို ကျွန်တော်တို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အလုံးစုံကို ပြည့်စုံပြီး အနှောင်အဖွဲ့ကင်းတဲ့ နည်းလမ်းနဲ့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့သည်။

ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်ကမူ “ဆွေးနွေးညှိနှိုင်းမှု ခရီးရှည်ကြီးဟာ အောင်မြင်စွာ အဆုံးသတ်သွားတာကြောင့် ပုံမှန်ဆိုရင် ပျော်ရွှင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ စိတ်ကျေနပ်မှု အနည်းငယ်သာ ရခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး “ခွဲခွာခြင်းသည် ချိုမြိန်သည့် ဝေဒနာ” ဖြစ်သည်ဟု အင်္ဂလိပ်ပြဇာတ်ရေး ဆရာကြီး ဝီလျံရှိတ်စပီးယား၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။

ထို့ပြင် ယင်းကုန်သွယ်ရေး စာချုပ်တွင် မမျှမတဖြစ်စေမည့် စျေးကွက်ယှဉ်ပြိုင်မှုများ မဖြစ်စေရန် ကာကွယ်ထားကြောင်းနှင့် ဥရောပသမဂ္ဂ၏ စျေးကွက်သည် မျှတမှုဆက်ရှိနေမည်ဟု လီယန်က ပြောကြားခဲ့သည်။

ယခုသဘောတူညီချက်တွင် ရှုပ်ထွေးသည့် အကြောင်းအရာများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ငါးဖမ်းခွင့်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့သည်။

ဥရောပနိုင်ငံများသည် ၎င်းတို့ ကာလကြာရှည် ငါးဖမ်းလာခဲ့သည့် ဗြိတိန်၏ ရေပြင်များတွင် ငါးဖမ်းမှုများ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြသည်။

သဘောတူညီချက်အရ ဥရောပသမဂ္ဂ အနေဖြင့် ဗြိတိန်၏ ရေပိုင်နက်များတွင် ဖမ်းဆီးရမိသည့် ငါးစုစုပေါင်း၏ လေးပုံတစ်ပုံကို ဗြိတိန်ကို ဝေစုအဖြစ် ပေးရမည်ဖြစ်သည်။

ယင်းဝေစုသည် ဗြိတိန်က ကနဦး တောင်းဆိုခဲ့သည့် ၈၀ ရာခိုင်နှုန်းထက် သိသာစွာ လျော့နည်းခဲ့သည်။ သို့သော်လည်း လာမည့် ငါးနှစ်ခွဲကာလအတွင်း လေးပုံ တစ်ပုံ ဝေစုဖြင့်သာ ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ပြီး ယင်းကာလအပြီးတွင် ဝေစုနှင့် ပတ်သက်ပြီး ပြန်လည် စိစစ်အကဲဖြတ်သွားမည် ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံတွင် ကျန်ရှိနေသည့် ဥရောပနိုင်ငံသား သန်း ၄၄၀ အနေဖြင့် ဗြိတိန်၏ Brexit ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည့်အချိန်မှစ၍ လေးနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းကိစ္စများကို မေ့ပစ်ရန်နှင့် အနာဂတ်ကိုသာ တွေးတောကြရန် လီယန်က တိုက်တွန်းခဲ့သည်။

ဗြိတိန်သည် ဥရောပသမဂ္ဂမှ ထွက်ခွာရန် ၂၀၁၆ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီးနောက် လာမည့် ဇန်နဝါရီလတွင် ယင်းအဖွဲ့အစည်းအတွင်းမှ တရားဝင် ထွက်ခွာမည်ဖြစ်သဖြင့် ဒုတိယကမ္ဘာစစ် အပြီးတွင် ဥရောပတိုက် ပြန်လည်ထူထောင်ခဲ့ချိန်တွင် နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းခဲ့သည့် ဥရောပအဖွဲ့အစည်းနှင့် လမ်းခွဲသည့် ပထမဆုံး ဥရောပနိုင်ငံ ဖြစ်ခဲ့သည်။

သို့သော်လည်း စပ်ကူးမတ်ကူး ကာလဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင် မလွန်မီအချိန်အထိ လန်ဒန်သည် ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ဆက်ရှိနေမည်ဖြစ်သည်။

 


READ NEXT
Cancel OK