Top News

တရုတ်နိုင်ငံမှ နည်းပညာသမားများ ပို့ဆောင်ခြင်း၊ Firewall တည်ဆောက်ခြင်းနှင့် တရုတ် စစ်သားများ ပြည်တွင်း၌ တွေ့ရခြင်းဆိုသည်တို့မှာ အခြေအမြစ်မရှိကြောင်း တရုတ်သံအမတ် ငြင်းဆို
24htopnews | November 20, 2024 2:12 PM CST

တရုတ်နိုင်ငံမှ နည်းပညာသမားများ ပို့ဆောင်ခြင်း၊ Firewall တည်ဆောက်ခြင်းနှင့် တရုတ်စစ်သားများ ပြည်တွင်း၌ တွေ့ရခြင်း ဆိုသည်တို့မှာ အခြေအမြစ် မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Ha က ငြင်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်း၍ ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Ha က စာဖြင့် ဖြေကြားချက်အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်သံအမတ်ကြီး Mr.Chen Ha က “တရုတ်လေယာဉ်ဖြင့် နည်းပညာသမားတွေ မြန်မာနိုင်ငံကို ပို့ဆောင်တဲ့အကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကိုကူညီပြီး Firewall တည်ဆောက်တဲ့အကြောင်း၊ တရုတ်စစ်သားတွေ  မြန်မာနိုင်ငံ လမ်းမပေါ်တွေမှာ တွေ့ရတဲ့အကြောင်းစတဲ့ သတင်းပျံ့နှံ့မှုတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီပြောဆိုချက်တွေဟာ လုံးဝအခြေအမြစ် မရှိပါဘူး။ အရမ်းရယ်စရာ ကောင်းတယ်လို့ ကျွန်တော်ရှင်းလင်းတိကျစွာ ပြောလိုပါတယ်”ဟု ပြောကြားသည်။

အဆိုပါ လေယာဉ်များသည် တရုတ်-မြန်မာအကြား ပုံမှန် ကုန်တင်လေယာဉ် ခရီးစဉ်ဖြစ်ပြီး ကပ်ရောဂါ မဖြစ်ပွားမီက နေ့စဉ် ၁၅ ခေါက် - ၁၈ ခေါက်မှ ယခုအခါတွင် နေ့စဉ် ငါးခေါက်ဝန်းကျင်အထိ လျော့ကျလာကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပင်လယ်စာ စသည့် ကုန်ပစ္စည်းများ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် အွန်လိုင်းတွင် လေယာဉ်နှင့် တင်ဆောင်လာသည်မှာ နည်းပညာသမားများ၊ လက်နက်ပစ္စည်းများနှင့် ဟင်းခတ် အမွှေးအကြိုင်များဟု အဆင့်ဆင့် ဓာတ်ပုံများကို ပြုပြင်ဖြန့်ဝေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆက်လက်၍ ယင်းကဲ့သို့ ကောလာဟလများလည်း နောက်ထပ် မထွက်လာစေရန် မျှော်လင့်ကြောင်းလည်း ဖြေကြားခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီး၏ မီဒီယာသို့ ဖြေကြားချက်များတွင်  မြန်မာနိုင်ငံဘက် အသီးသီးက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တရားဥပဒေ မူဘောင်အတွင်းက သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းပြီး နိုင်ငံရေးနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ မိမိတို့ မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင်  မြန်မာနိုင်ငံ၏ ကိစ္စရပ်များအား လုံးကောင်းမွန်ရန် မျှော်လင့်ပြီး မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသည့် အခြေအနေများကို မမျှော်လင့်ကြောင်း၊ ဘက်အသီသီးက ဆွေးနွေးမှုနှင့် ညှိနှိုင်းမှတစ်ဆင့် လက်ရှိအရေးကို ကောင်းမွန်စွာ ဖြေရှင်းပြီး အမြန်ဆုံး နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာစေရေးကို မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ တရုတ်သံရုံး အပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများရှေ့ကို သွားရောက်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြခြင်းကို မိမိတို့အနေဖြင့် သတိပြုမိကြောင်း၊ ၎င်းတို့၏ အသံကို နားလည် သိရှိကြောင်း ဖြေကြားမှုတွင် ဖော်ပြပါရှိသည်။                                                


READ NEXT
Cancel OK