Top News

COVID-19 ကာကွယ်ဆေးကို ပုဂ္ဂလိကကဏ္ဍမှ ဝယ်ယူတင်သွင်းနိုင်ရန် FDA က တင်သွင်းခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးစီစဉ်နေ
24htopnews | November 20, 2024 2:12 PM CST

COVID-19 ကာကွယ်ဆေးကို ပုဂ္ဂလိက ကဏ္ဍမှ ဝယ်ယူတင်သွင်းနိုင်ရန် FDA က တင်သွင်းခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊  ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားချက်များအရ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုထားကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

COVID-19 ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် အသက် ၁၈ နှစ်အထက် လူဦးရေ ၃၈ ဒသမ ၃၅ သန်းရှိပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ အိန္ဒိယမှ ဝယ်ယူထားသည့် COVISHIELD ကာကွယ်ဆေး Dose သန်း ၃၀ အနက် ကနဦးအနေဖြင့် နှစ်သန်း ဖေဖော်ဝါရီ ၁၁ ရက်က ရောက်ရှိလာခဲ့ပြီဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မူလအစီအစဉ် အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံး လူအုပ်စုများ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် သေဆုံးမှုကို လျှော့ချရန်၊ ရောဂါကူးစက်ပျံ့နှ့ံမှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်စေရန်၊ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ အဆင့်ဆင့်တိုးချဲ့ထိုးနှံသွားနိုင်ရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ် ပေးအပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁ ဒသမ ၅ သန်း ရရှိထားပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ Serum Institute of India (SII) မှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး COVISHIELD သန်း ၃၀ သည်လည်း လစဉ် အသုတ်လိုက် ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် Favi COVAX Facility မှ ထောက်ပံ့သည့် ကာကွယ်ဆေး ၂၇ သန်းခန့်သည်လည်း မတ်လမှစတင်၍ လစဉ်အသုတ်လိုက် ရောက်ရှိရန်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဗြိတိန်- ဆွီဒင် ဆေးဝါးကုမ္ပဏီနှင့် အောက်စဖို့ဒ် တက္ကသိုလ်ထုတ် AstraZeneca COVID-19 ကာကွယ်ဆေးမူကွဲနှစ်မျိုးကို အရေးပေါ် သုံးစွဲရန် ဖေဖော်ဝါရီ ၁၅ ရက်က အတည်ပြုခဲ့ပြီး COVAX အစီအစဉ်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဖြူးရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

ယင်း COVID-19 ကာကွယ်ဆေး မူကွဲနှစ်မျိုးကို တောင်ကိုရီးယားနိုင်ငံတွင် AstraZeneca-SKBio ဆေးဝါးကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ Serum အင်စတီကျုတို့က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ကာကွယ်ရေးအတွက် ၆၃ ဒသမ ၀၉ ရာခိုင်နှုန်းခန့် ထိရောက်မှုရှိကြောင်းနှင့် ယင်း COVID-19 ရောဂါကာကွယ်ဆေးသည် လွယ်လင့်တကူ သိုလှောင်နိုင်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် သုံးစွဲရန် သင့်တော်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။


READ NEXT
Cancel OK