Top News

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို FDA ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုထား
24htopnews | November 20, 2024 2:12 PM CST

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုထားကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ရုရှားနိုင်ငံထုတ် Sputnik V Vaccine ဆေး၊ တရုတ်နိုင်ငံထုတ် SARS COVI Vaccine ဆေးနှင့် အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးများကို အသုံးပြုနိုင်ရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

ယင်းမိန့်ခွန်းတွင် ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ့စွမ်းအားများ၊ ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်ရေးအခြေအနေများ မယုတ်လျော့စေရန် ကျွန်တော်တို့ အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းအားလုံးနီးပါးနှင့် စေတနာ့ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက် နိုင်ငံ့ဝန်ထမ်းအချို့ကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ် Stay at Home အကျုံးဝင်သည့်မြို့နယ်များတွင် နေထိုင်သော အသက် ၆၅ နှစ်အထက် မိဘပြည်သူများကို စတင်ထိုးနှံပေးလျက်ရှိပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေး COVISHIELD injection ဆေးနှစ်သန်း ဒုတိယအသုတ် ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် ဆက်လက်၍ ရဟန်း၊ သံဃာတော်များပါမကျန် မြန်မာနိုင်ငံသားအားလုံး COVID-19 ကာကွယ်ဆေးကို အမြန်ဆုံး ထိုးနှံနိုင်ပြီး ကျန်းမာကြံ့ခိုင်ကြစေရန် ကျွန်တော်တို့အနေဖြင့် အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအစီအစဉ်သစ်မှာ FDA က အသိအမှတ်ပြုပြီး အာမခံချက်နှင့် ထိရောက်မှုရှိသည့် ကာကွယ်ဆေးအမျိုးအစားသစ်များ ခွင့်ပြုခြင်းနှင့် ပုဂ္ဂလိကထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကို ခွင့်ပြုခြင်းတို့ဖြစ်ကြောင်း၊ ရုရှားနိုင်ငံထုတ် Sputnik V Vaccine ဆေး၊ တရုတ်နိုင်ငံထုတ် SARS COVI Vaccine ဆေးနှင့် အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးများကို ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ယင်းဆေးများမှာ ကမ္ဘာ့နိုင်ငံများတွင် လက်ရှိလက်တွေ့အသုံးပြုနေသည့်ဆေးများဖြစ်ပြီး နိုင်ငံတော်အစီအစဉ်ဖြင့် ဆက်လက်တင်သွင်းပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်းလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားထားသည်။

နိုင်ငံတစ်ဝန်း အမြန်ဆုံးလွှမ်းခြုံနိုင်စေရန် စေတနာရှင် မိဘပြည်သူများလည်း ယင်းလုပ်ငန်းစဉ်တွင် ထိထိရောက်ရောက် ထဲထဲဝင်ဝင်ပါဝင်နိုင်စေရန်အတွက် ပုဂ္ဂလိက ကာကွယ်ဆေး တင်သွင်းထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ယင်းမှသာ ကာကွယ်ဆေးထိုးနှံရေးအတွက် မိမိတို့အလှည့်မရောက်သေးဘဲ အချိန်ဆောလျင်စွာ ထိုးနှံနိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်း ကာကွယ်ဆေးထိုးနှံမှုမှာ လွှမ်းခြုံမှု မြင့်မားလာမည်ဖြစ်သည့်အတွက် COVID ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။


READ NEXT
Cancel OK