Top News

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိ
24htopnews | November 20, 2024 2:12 PM CST

မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် Trade Policy Review Body TPRB Virutal Meeting အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ နှင့် ၁၇ ရက်တို့တွင် ကျင်းပလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံးအဖွဲ့ဝင်ဖြစ်သည့်အတွက် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ခုနစ်နှစ်လျှင်တစ်ကြိမ်ကျင်းပရန် တာဝန်ရှိပြီး ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အရ အပိုင်းသုံးပိုင်းဖြင့် လုပ်ဆောင်ရပြီး အပိုင်း (၁) အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုတင်ပြရသော အစီရင်ခံစာ (WTO Secretariat Report) ၊အပိုင်း (၂) အနေဖြင့် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်သည့် အဖွဲ့ဝင်နိုင်ငံ၏ အစိုးရမှ ပြုစုတင်ပြရသော အစီရင်ခံစာ (Government Report) ၊ အပိုင်း (၃) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းသောမေးခွန်းများကို ပြန်လည်ဖြေကြားခြင်းတို့ဖြစ်သည်။

ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ဟုဆိုရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံအားလုံးက မိမိနိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာမူဝါဒများကို အဖွဲ့ဝင်နိုင်ငံများအကြား ပွင့်လင်းမြင်သာစွာချပြကာ ယင်းမူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အခြားစိတ်ပါဝင်စားသည့်အဖွဲ့ဝင်များ၏ မေးမြန်းလာမှုများအပေါ် မိမိတို့လက်ရှိကျင့်သုံးနေသည့် မြေပြင်အခြေအနေအား အခြေခံ၍ ပြန်လည်ဖြေကြားရခြင်းမျိုးဖြစ်သည်။

မြန်မာအစိုးရမှ WTO-TPR Mechanism အရ ပြုစုတင်ပြခဲ့သော အစီရင်ခံစာတွင် ကုန်သွယ်မှုမူဝါဒဆန်းစစ်သည့်ကာလ ဖြစ်သည့် (၂၀၁၄-၂၀၂၀ ခုနှစ်များ) အတွင်း၌ ကုန်သွယ်မှုနှင့် ဆက်စပ်သည့်မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များနှင့်အညီ လိုက်ပါဆောင်ရွက်မှုအခြေအနေများအပါအဝင် ယင်းသို့ဆောင်ရွက်မှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကို တင်ပြခဲ့ခြင်းဖြစ်သည်။

TPR လုပ်ငန်းစဉ်၏နောက်ဆုုံးအပိုင်းအရ အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းသောမေးခွန်းများကို ဖြေကြားတင်ပြခြင်းဖြစ်ပြီး အတွင်းရေးမှူးရုံး၏ အစီရင်ခံစာနှင့် အစိုးရ၏ အစီရင်ခံစာပါ အချက်များနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ ပိုမိုသိရှိလိုသည့် အချက်များ၊ ၎င်းတို့၏ ယူဆချက်များနှင့် ထောက်ပြစိစစ်လိုသည့်အချက်များ၊ အခြားသော ဆက်စပ်သဘောထားမှတ်ချက်များနှင့်  ပတ်သက်သော မေးခွန်းများအတွက်သတ်မှတ် အချိန်ဇယားအတိုင်း ပြန်လည်ဖြေကြားပေးရခြင်းဖြစ်သည်။

သို့ဖြစ်ရာ အပိုင်း (၃) ဆောင်ရွက်ချက်အနေဖြင့် ပြန်လည်ဖြေကြားဆောင်ရွက်မှု အပြီးတွင် ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒ  လေ့လာဆန်းစစ်ခြင်းအတွက် အပြီးသတ် အစီရင်ခံသည့် Trade Policy Review Body-TPRB အစည်းအဝေးတစ်ရပ် ကျင်းပရခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးပြီးစီးပါက မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ WTO က အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


READ NEXT
Cancel OK