Top News

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ်လှိုင်းများ မဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 20, 2024 2:12 PM CST

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ်လှိုင်းများ မဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်သူများအားလုံး စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ကိုဗစ်ပထမလှိုင်း ၊ ဒုတိယလှိုင်း ကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက ်အရှိန်အဟုန်မပျက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နောက်ထပ်လှိုင်းများ မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို ပြောကြားသည်။

ဖေဖော်ဝါရီ ၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်ဆေး ဆက်လက် ထိုးနှံမည့်အစီအစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်အထိ ရရှိသော စာရင်းများအရ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၀၃၁၄၂ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းတွင် အောက်ပါ ဦးတည်အုပ်စုများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းဦးတည်အုပ်စုများမှာ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် ဗဟိုရုံးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်နှင့် အထက်နိုင်ငံ့ဝန်ထမ်းများ၊ မိမိအိမ်တွင်သာ နေထိုင်ရေးအစီအစဉ် Stay at Home တွင် ပါဝင်သည့် ၄၀ မြို့နယ်မှ အသက် ၆၅ နှစ် နှင့်အထက် မိဘပြည်သူများ၊ ယခင်အစိုးရလက်ထက် တာဝန် ထမ်းဆောင်ခဲ့သော ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ လစဉ်ဆောင်ရွက်မည့် COVID-19 ကာကွယ်ဆေးထိုး အစီအစဉ်တွင် လအလိုက် ကာကွယ်ဆေးထိုးပေးမည့် လူအုပ်စုများနှင့် ပတ်သက်၍ ဆက်လက် သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ် ပေးအပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁ ဒသမ ၅ သန်း ရရှိထားပြီး ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ Serum Institute of India မှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး COVISHIELD သန်း ၃၀ သည်လည်း လစဉ်အသုတ်လိုက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK