တပ်မတော်၏ အာဏာသိမ်းယူမှုအပေါ် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော် ဆန့်ကျင်မှုများအား ထောက်ခံအားပေးပြီး အကူအညီအကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီ ၁၄ ရက်တွင် သဘောထား ထုတ်ပြန်သည်။
တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် KNU ၏ သဘောထား ထုတ်ပြန်ချက်တွင် ထိုသို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသည့် သက်ရောက်မှု အားလုံးကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ အာဏာသိမ်းယူမှုသည် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းသည့် ယဉ်ကျေးမှုကို သွေဖည်စေသည့် လုပ်ရပ်ဖြစ်ပြီး ထိုသို့ တိုင်းပြည်အာဏာ သိမ်းယူခဲ့ခြင်းသည် အာဏာရှင်စနစ် သက်ဆိုးရှည်စေခြင်းကို ဦးတည်နေသည့်အတွက် ဆန့်ကျင်ကြောင်း KNU က သဘောထား ထုတ်ပြန်သည်။
ပြည်သူလူထုမှ ပေါက်ဖွားလာသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့တပ်မတော်တို့သည်လည်း တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲသော အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး သပိတ်အပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ နေ့ရောညပါ နေအိမ်ပြင်ပနှင့် နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ပြည်သူလူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်စေသည့် အပြုအမှုလုပ်ဆောင်မှုများကို ရပ်တန့်ရန်နှင့် မပြုလုပ်ရန် KNU က တောင်းဆိုသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံအသီးသီးကလည်း သံတမန်ရေးရာ ချည်းကပ်မှု နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ အားလုံး လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်ရည်၍ တပ်မတော်နှင့် အာဏာ လက်လွှတ်ခဲ့ရသည့် အစိုးရအကြားတွင် ညှိနှိုင်းဆွေးနွေး အဖြေရှာသည့် အခင်းအကျင်းကို အောင်မြင်ရရှိနိုင်ရေးအတွက် အင်တိုက်အားတိုက် ကူညီကြရန်လည်း KNU က တိုက်တွန်းသည်။
ထို့ပြင် အာဏာသိမ်း တပ်မတော်အင်အားစု၏ ထိပ်တိုက်ရင်ဆိုင်မှုနှင့် အကြမ်းဖက်မှုဒဏ်ကို ခံစားရသည့် တိုင်းပြည်တစ်ဝှမ်း၊ မြို့ပြကျေးလက်ဒေသ အားလုံးမကျန် ဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူလူထုများအား လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများ ရောက်ရှိစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို အသုံးချရန်လည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအားလုံးကို KNU က တိုက်တွန်းသည်။
လက်ရှိ နိုင်ငံရေး အကျပ်အတည်းသည် သမိုင်းရှည်ကြာ တည်ရှိလာခဲ့သည့် ဖြေရှင်းပေးနိုင်ခြင်း မရှိသော တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး တောင်းဆိုမှု ပြဿနာနှင့် ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေသည့် အရပ်ဘက်- စစ်ဘက်အကြား ဆက်ဆံရေးအား ပြေလည်အောင် ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိသည့် အဆုံးတွင် ပေါက်ကွဲလာသည့် ပြဿနာဖြစ်ကြောင်း KNU ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ပြဿနာများ ဖြေရှင်းနိုင်ရန် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့များအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုဖြင့် ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရရှိသည်အထိ အဖြေရှာကြရန် KNU က တိုက်တွန်းသည်။
တစ်ဖက်တွင်လည်း တပ်မတော်က KNU နယ်မြေအတွင်း တစ်ဖက်သတ် ကားလမ်းဖောက်လုပ်မှုနှင့် ဆက်စပ်ပြီး စစ်ဆင်ရေးတစ်ရပ်အနေဖြင့် အထူးအလေးထား လုပ်ဆောင်နေခြင်းကြောင့် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ ဖြစ်ပေါ်နေကြောင်း KNU ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ ဒုက္ခရောက်ပြည်သူများအပေါ် KNU အနေဖြင့် လိုအပ်သည့် မည်သည့်ကိစ္စရပ်များမဆို အကာအကွယ်ပေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာကလည်း နယ်စပ်ဖြတ်ကျော် အကူအညီ အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အရှိန်မြင့် ကူညီလုပ်ဆောင်ပေးသွားရန်လည်း KNU က တိုက်တွန်းသည်။
KNU အနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းသည်သာ အပစ်အခတ်ရပ်စဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကာ တိုင်းရင်းသားပြည်သူလူထု အားလုံး၏ လွတ်လပ်မှု၊ တန်းတူမှုနှင့် တရားမျှတမှုကို အာမခံသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ်ကို ဖန်တီး ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း KNU က သဘောထား ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
