Top News

မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward (1) ၌ COVID-19 Positive လူနာသုံးဦးသာ ကျန်ရှိ
24htopnews | November 20, 2024 2:12 PM CST

မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward (1) ကုသဆောင်၌ COVID-19 Positive လူနာသုံးဦးသာကျန်ရှိတော့ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးသူများထံမှ သိရသည်။

“ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ Isolation Ward (3) က လူနာတွေအားလုံးကို ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက သတ်မှတ်ရက်တွေလည်း ပြည့်သွားပြီဆိုတော့ ပေးဆင်းလိုက်ပါပြီ။ ပြီးတော့ Ward ကိုလည်း ယာယီပိတ်သိမ်းထားလိုက်ပါတယ်။ Isolation Ward (1) မှာဆိုရင်လည်း လူနာတွေက ဆင်းရင်းဆင်းရင်းနဲ့ လူနာသုံးဦးတည်း ကျန်တော့တယ်လို့ သိရပါတယ်” ဟု မော်လမြိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward တာဝန်ခံ ဆရာဝန်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ နောက်ပိုင်း အနံ့ပျောက်တဲ့လူနာတွေက သွားစရာနေရာမရှိဘူး။ ဆေးခန်းတွေမှာပဲ ပြကြရတဲ့လူနာတွေရှိသလို ဖုန်းဆက်သူတွေ Messenger ကနေ ဆက်သွယ်လာသူတွေလည်း ရှိပါတယ်။ အဲဒီ လူနာတွေကိုတော့ အကြံပြုချက်တွေပေးပြီးတော့ အိမ်မှာပဲ နေနေကြပါတယ်။ တချို့အခြေအနေဆိုးတဲ့ လူနာတွေဆိုရင်တော့ တပ်မတော် ခုတင် (၃၀၀) ဆေးရုံကို လွှတ်ပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် လောလောဆယ်မှာ ရောဂါစစ်ဖို့ရော ကုသဖို့ပါ အဲဒီဆေးရုံပဲရှိတဲ့အတွက်ကြောင့်ပါ။ သူတို့မှာလည်း လက်ခံတဲ့လူနာတွေရှိသလို လက်မခံတဲ့လူနာတွေလည်းရှိတယ်လို့ ကြားသိရပါတယ်။ ဘယ်လို သတ်မှတ်ချက်တွေနဲ့ လက်ခံပေးလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး။ သူတို့မှာလည်း လူနာတွေများနေတဲ့သဘောမျိုး ဖြစ်နေတယ်လို့လည်း သိရပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင်လည်း လူနာသေပျောက်မှု နှုန်းများနေသည့်သဘောတွင် ရှိနေကြောင်း၊ စာရင်းတိတိကျကျ လုပ်ဆောင်ခြင်းမရှိတော့သည့်အတွက် အရေအတွက်အတိအကျ မသိရကြောင်း၊ သို့သော်လည်း သေဆုံးသူများ၏ ရောဂါလက္ခဏာမှာ COVID-19 ရောဂါ လက္ခဏာမျိုးတွေ့ရကြောင်း ယင်းတာဝန်ခံဆရာဝန်က ပြောကြားသည်။

မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward (1) ၌ COVID-19 Positive လူနာ နောက်ဆုံးလေးဦးကျန်သည့်အထဲက ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက လူနာတစ်ဦး သေဆုံးသွားခဲ့သည့်အတွက် လူနာသုံးဦးသာ ကျန်ရှိတော့ကြောင်း၊ အဆိုပါ လူနာသုံးဦးကိုလည်း အောက်စီဂျင်မပြတ်ပေးထားရကာ ကြပ်မတ်ကုသနေရသည့်သဘောရှိသည်ဟု သိရကြောင်း COVID-19 ကူးစက်ကပ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီလုပ်ဆောင်ပေးနေသည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းက ဆက်လက်ပြီး “လက်ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward (1) မှာ လူနာသုံးဦးတည်း ကျန်တော့တယ်။ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward (2), (3) မှာတော့ လူနာတစ်ယောက်မှ မကျန်တော့ဘူး” ဟု ပြောကြားသည်။

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၅ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၃၆၇၉ ဦးရှိခဲ့ကြောင်းနှင့် အတည်ပြုလူနာ ၄၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


READ NEXT
Cancel OK