Top News

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် AA ခေါင်းဆောင်၏ ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့အမှုတွင် စစ်ဆေးရန် တရားလိုပြသက်သေ ငါးဦးကျန်ရှိ
24htopnews | November 20, 2024 2:12 PM CST

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့အမှုတွင် စစ်ဆေးရန် တရားလိုပြသက်သေ ငါးဦးကျန်ရှိကြောင်း မေ ၂၈ ရက်ရုံးချိန်းတွင် ရန်ကုန်မြို့အနောက် ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ၏ ပြောကြားချက်အရ သိရသည်။

တရားလိုပြသက် ၁၂ ဦး တင်သွင်းထားသည့်အနက် ခြောက်ဦးစစ်ဆေးပြီးဖြစ်ကြောင်း၊ တရားလိုဘက်မှ လိုပြသက်သေတစ်ဦး ပယ်သည့်အတွက် ငါးဦးကျန်သေးကြောင်း အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

“အမှုရဲ့အဆင့်ကတော့ တရားလိုပြသက်သေ ၁၂ ဦးရှိသည့်အနက် ခြောက်ဦးစစ်ဆေးပြီးဖြစ်ပါတယ်။ သက်သေတစ်ဦးကိုတော့ တရားလိုဘက်က ပယ်တဲ့အတွက် တရားလိုပြသက်သေငါးဦး စစ်ဆေးရန် ကျန်တဲ့အဆင့်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သက်သေမလာတဲ့အတွက် စစ်ဆေးနိုင်ခြင်းမရှိပါဘူး” ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

၎င်းအမှုတွင် တရားလိုဘက်မှ တင်သွင်းထားသည့် မှတ်တမ်းဓာတ်ပုံနှစ်ပုံကို လက်မခံဘဲ ပယ်သည်ဟု အမိန့်ချမှတ်ခဲ့ပြီး ၎င်းမှတ်တမ်းဓာတ်ပုံနှစ်ပုံတွင် ပုံ (၁)သည် ကိုကျော်နိုင်နဲ့သမီးဖြစ်သူတို့ AA အဖွဲ့ဝင် ဦးမောင်မောင်စိုးနှင့်အတူ စျေးဝယ်နေသည့် မှတ်တမ်းဓာတ်ပုံဖြစ်ပြီး ပုံ(၂) သည် ကိုကျော်နိုင်နှင့်သမီးဖြစ်သူတို့ AA အဖွဲ့ဝင် မောင်မောင်စိုးနှင့်အတူ လာအို၊ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် Arrival ကတ် သုံးခုပါ မှတ်တမ်းဓာတ်ပုံတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမှုကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် CMP အရ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်တွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၂ ဦးအား စတင်စစ် ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို မူလက မရမ်းကုန်းမြို့ နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှု၏တရားလိုဖြစ်သူ ဒုရဲမှူးမင်းခိုင်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်ထားမှုကို လက်ခံကြောင်း တရားရုံးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ကိုကျော်နိုင်နှင့် မယမင်းမြတ်တို့အမှုကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇဝတ်ကြီး အမှုအမှတ်၁၂၇/ ၂၀၁၉ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ကိုကျော်နိုင်နှင့် မယမင်းမြတ်တို့၏ အမှုတွင်ပါဝင်သော တရားလိုပြသက်သေအချို့မှာ ကိုအောင်မြတ်ကျော်တို့အမှုတွဲတွင် ပါဝင်နေပြီး လုံခြုံရေးအရ ပိုမိုစိတ်ချရန်အတွက် ရုံးပြောင်းလျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁၉ ရက်တွင် ရောက်ရှိလာသော AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖလမ်းမတော်မြို့နယ်တွင် နေထိုင်သော ကိုကျော်နိုင်သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြေ့သာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်းက (ပ)၅၃၄/ ၂၀၁၉ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖွင့်လှစ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် AA အဖွဲ့ဝင် မောင်မောင်စိုးနှင့်ဆက်သွယ်၍ သြဂုတ် ၂၈ ရက်တွင် ထိုင်းနိုင်ငံမှတဆင့် လာအိုနိုင်ငံသွားရောက်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

လာအိုနိုင်ငံသို့ ရောက်ရှိတည်းခိုနေထိုင်စဉ်အတွင်း မောင်မောင်စိုးအတွက် ကုန်ကျစရိတ်ငွေများအား ကိုကျော်နိုင်မှ စိုက်ထုတ်ပေးခဲ့ကာ သြဂုတ် ၃၀ ရက်တွင် မောင်မောင်စိုးနှင့်အတူ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်လာခဲ့ကြောင်း၊ လာအိုနိုင်ငံသို့ သွားရောက်စဉ် လိုက်ပါကူညီပေးသည့်အတွက် မောင်မောင်စိုးအား ဘတ်ငွေနှစ်ထောင် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထို့ကြောင့် AA အဖွဲ့ဝင်နှင့် ဆက်သွယ်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည့် ကိုကျော်နိုင်နှင့် အပေါင်းအပါများအား အရေးယူပေးရန် မရမ်းကုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။                     

 


READ NEXT
Cancel OK