Top News

ကသာမြို့တွင် လယ်လုပ်ပြန်လာသည့် အကျဉ်းသားနှစ်ဦး၏ စအိုအတွင်းမှ မူးယစ်ဆေးဝါးများ ရှာဖွေသိမ်းဆည်းရမိ
24htopnews | November 20, 2024 2:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် မေ ၂၆ ရက်က လယ်လုပ်ပြန်လာသည့် အကျဉ်းသားနှစ်ဦး၏ စအိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း ကသာမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

မေ ၂၆ ရက်က လက်ထောက်ကြီးကြပ်ရေးမှူး (၁) ထွန်းနိုင်ဝင်း အကျဉ်းဦးစီးဌာန ကသာမြို့သည်  ကသာ အကျဉ်းဦးစီးဌာနတွင် တာဝန်မှူးအဖြစ် ဆောင်ရွက်နေစဉ် အကျဉ်းထောင်တံခါးမကြီး၌ လယ်လုပ်ပြန်လာသည့် အကျဉ်းသားများကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေး ဆောင်ရွက်ခဲ့စဉ် အကျဉ်းသား ကိုဝင်းမောင် (၃၀ နှစ်) နှင့် အကျဉ်းသား ကိုနေမင်းအောင် (ခ) နေစန်း (ခ) နေစန်းအောင် (၂၈ နှစ်) တို့၏ စအိုအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅၀၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀ နှင့် ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်စပ်ကြားအမှုန့် အလေးချိန် နှစ်ဂရမ်ခန့်ပါ တစ်ဘူးတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အကျဉ်းသား ကိုဝင်းမောင် (၃၀ နှစ်) သည် ပုဒ်မ ၃၈၀ အရ ကသာအကျဉ်းထောင်တွင် ထောင်ဒဏ်တစ်နှစ် ကျခံနေသူဖြစ်ပြီး အကျဉ်းသား ကိုနေမင်းအောင်(ခ) နေစန်း (ခ)နေစန်းအောင်(၂၈ နှစ်) သည် ပုဒ်မ ၃၇၉ အရ ကသာအကျဉ်းထောင်တွင် ထောင်ဒဏ်တစ်နှစ် ကျခံနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှာဖွေသိမ်းဆည်း ရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူနှင့် ပတ်သက်၍ တရားခံများအား မေးမြန်းခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်က ကသာမြို့နယ် တရားရုံး၏ မူးယစ် ၁၆(ဂ) ဖြင့်လွတ်မြောက် သွားသော သီဟ (ခ) စိုးသီဟဆိုသူက ကသာအကျဉ်းထောင်တွင် မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ်၁၂ နှစ်ကျခံနေသည့် တရားခံ အောင်ဝင်း (ခ) အာလူး (၄၉ နှစ်) ထံပေးပို့ရန် ပြောသဖြင့် ယူဆောင်လာကြောင်း ထွက်ဆိုခဲ့ပြီး အခကြေးငွေအဖြစ် ကျပ်ငါးသောင်း ရရှိခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ထောက်ကြီးကြပ်ရေးမှူး (၁) ထွန်းနိုင်ဝင်းက ကသာမြို့မရဲစခန်းတွင် တိုင်တန်းမှုကြောင့် ကိုဝင်းမောင်၊ ကိုနေမင်းအောင် (ခ) နေစန်း (ခ) နေစန်းအောင်၊ အောင်ဝင်း (ခ) အာလူး၊ သီဟ (ခ) စိုးသီဟတို့ လေးဦးအား မယ(ပ)၈၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့် အရေးယူထားသည်။


READ NEXT
Cancel OK