Top News

အာမခံပေးမည်ဟုဆိုကာ တရားခံ၏ သမီးဖြစ်သူထံမှ ကျပ် ၁၀ သိန်း ရယူခဲ့သည့် လှိုင်မြို့မ ရဲစခန်းမှူးဟောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မဖြင့် အရေးယူခံရ
24htopnews | November 20, 2024 2:12 PM CST

အာမခံပေးမည်ဟုဆိုကာ တရားခံ၏သမီးဖြစ်သူထံမှ ကျပ် ၁၀ သိန်း ရယူခဲ့သည့် လှိုင်မြို့မ ရဲစခန်းမှူးဟောင်း  အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မဖြင့် အရေးယူခံရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရားခံ၏သမီးဖြစ်သူထံမှ ကျပ် ၁၀ သိန်း လာဘ်ယူခဲ့သည့် လှိုင်မြို့မရဲစခန်းမှူး ဟောင်းကို အဂတ်လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မေ ၂၇ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲ ဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူးတို့ကို ကျပ် ၁၀ သိန်းပေးခဲ့ရခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေမြင့် (ယခုယာယီရဲမှူး၊ ဟိုပနမြို့နယ် ရဲတပ်ဖွဲ့မှူး)သည် ၂၀၁၈ ခုနှစ် မတ် ၅ ရက်က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) အမှုမှ တရားခံ၏ သမီးဖြစ်သူထံမှ ကျပ် ၁၀ သိန်းကို တရားသူကြီးအားပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးပေါ်ပေါက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခုယာယီရဲမှူး၊ ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့မှူး)အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့မရဲစခန်းတွင် ၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက်၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ ဖြင့် ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရပါက ငွေဒဏ်နှင့် ထောင်ခုနစ်နှစ်ထက်မပိုသည့် ပြစ်ဒဏ်ချမှတ်နိုင်သည်။

အမှုဖွင့် အရေးယူခံရသည့် အဆိုပါ ရဲအရာရှိမှာ တရားခံပေါ်ပေါက်ခြင်း မရှိသေးသည့် The Daily Eleven သတင်းစာ၏ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုအား ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

 


READ NEXT
Cancel OK