Top News

မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
24htopnews | November 21, 2024 1:12 AM CST

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

The Athletic သတင်းဌာနက အဆိုပါသတင်းကို စတင်ဖော်ပြခဲ့ပြီး မန်စီးတီးအသင်းကမူ အဆိုပါသတင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။ သို့သော် BBC အပါအဝင် ဗြိတိန်မီဒီယာများစွာက ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပြီး အသင်းကို ဆယ်စုနှစ်ကြာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ အသက် (၅၃) နှစ်အရွယ်ရှိ ဂွါဒီယိုလာသည် ၂၀၁၆ ခုနှစ်တွင် မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် (၆) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်အပါအဝင် ဆုဖလား (၁၈) လုံးအထိ ရယူပေးထားသည်။ 

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဂွါဒီယိုလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် ဂွါဒီယိုလာက မန်စီးတီးအသင်းနှင့် တစ်နှစ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထပ်မံတိုးခွင့်ရှိသည်ဆိုသောအချက် ပါဝင်ကြောင်း ဖော်ပြမှုများ ရှိနေသည်။ 

သို့သော် အဆိုပါသတင်းကိုမူ လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးကြောင်း BBC က ဖော်ပြခဲ့သည်။ မန်စီးတီးအသင်းသည် ဂွါဒီယိုလာ လက်ထက်တွင် မန်ယူအသင်းပြီးနောက် တစ်ရာသီအတွင်း ဖလား(၃)လုံး(ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား) ရရှိခဲ့သည့် ဒုတိယမြောက် အင်္ဂလိပ်ကလပ်ဖြစ်လာခဲ့သည်။ 

ထို့ပြင် မန်စီးတီးအသင်းသည် ဂွါဒီယိုလာလက်ထက်တွင် ပရီးမီးယားလိဂ်ချန်ပီယံ ဆုကို (၄) ကြိမ်ဆက်တိုက်ရရှိခဲ့သည့် ပထမဆုံးနှင့် တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ရမှတ် (၁၀၀) ရရှိခဲ့သည့် ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၄) ဆက်တိုက် ရှုံးနိမ့်ထားသလို၊ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အပြီးတွင် ထိပ်ဆုံးမှ လီဗာပူးလ်အသင်း(၂၈ မှတ်)နှင့် (၅) မှတ် ကွာဟနေသည်။ 


READ NEXT
Cancel OK